“အလုပ်အကိုင်အခွင့်အလမ်း ၄,၂၀၀ ဝန်းကျင် ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကို MIC ခွင့်ပြုပေး”
10 Dec
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ဒီဇင်ဘာလ ၈ ရက်ကကျင်းပတဲ့ (၆)ကြိမ်မြောက် အစည်းအဝေးမှာ စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၅ ခုနှင့် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၉ ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၂၉၅ သန်းနှင့် ကျပ် ၄၅,၅၀၂ ဒသမ ၉၇၈ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄,၁၁၉ ဦးကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခြောက်ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ အခုလိုခွင့်ပြုပေးတဲ့ လုပ်ငန်းများမှာ နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လျှပ်စစ်သုံး နှစ်ဘီး၊ သုံးဘီး မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းများ နှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၈ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၅ ရာခိုင်နှုန်းနှင့် စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၀ ရာခိုင်နှုန်းတို့ဖြင့် အသီးသီး ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါတယ်။ (NVS 004)