“နိုင်ငံတော်က ချမှတ်ထားတဲ့ ဦးတည်ချက်များကို သွေဖည်၍ အဂတိလိုက်စားမှု ကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသားရင်သားမခွဲခြားဘဲ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်”

10 Dec

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံတော်ကချမှတ်ထားတဲ့ ဦးတည်ချက်များကို သွေဖည်၍ အဂတိ လိုက်စားမှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသားရင်သားမခွဲခြားဘဲ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ယာယီသမ္မတ က Video Message ပေးပို့ခဲ့တဲ့ မိန့်ခွန်းမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ အဂတိလိုက်စားမှုပြဿနာက ကြီးမားတဲ့အဟန့်အတားဖြစ်ကြောင်း အစိုးရအနေနဲ့ အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ မျှတမှု၊ တရားဥပဒေစိုးမိုးမှု စတဲ့ ကောင်းမြတ်တဲ့အလေ့အထတွေ ပိုမိုမြင့်မားလာစေရေးကို မျှော်မှန်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံရေးစိတ်ဆန္ဒပြင်းပြစွာနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းက သတ်မှတ်ထားတဲ့ ယခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ ဦးတည်ချက်မှာ “ဖြောင့်မတ်တည်ကြည်သော အနာဂတ်ဖော်ဆောင်ဖို့ အဂတိတိုက်ဖျက်၊ လူငယ်များနှင့်လက်ချင်းဆက်ကြပါစို့” ဖြစ်ပြီး ဦးတည်ချက်နဲ့အညီ ကော်မရှင်အနေနဲ့ အနာဂတ်အတွက်အရေးပါတဲ့ လူငယ်တွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းနဲ့ လူငယ်စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားပြီး အဂတိကင်းတဲ့ လူ့ဘောင် ဖြစ်လာအောင် စီစဉ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပါတယ်။ အဂတိလိုက်စားမှုကို လုံးဝလက်မခံတဲ့ ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနဲ့ အကျင့်ပျက်ခြစားမှုတွေ မရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့ အသိပညာပေးရေးနဲ့ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်တွေကိုပါ ဟန်ချက်ညီညီချဉ်းကပ်ကာ အလေးထားဆောင်ရွက်သွားရမှာဖြစ်ပြီး နိုင်ငံတော်ကချမှတ်ထားတဲ့ ဦးတည်ချက်များကို သွေဖည်၍ အဂတိလိုက်စားမှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသားရင်သားမခွဲခြားဘဲ ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။(NVS 004)

10 Dec

ADVERTISE HERE .