“စိုက်ပျိုးမြေဧက ၅၀၀ ကို စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်မယ့် ပဌနဂိုရ်ဆိုလာရေတင်စီမံကိန်း ဆောင်ရွက် မည်”
10 Dec
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ပဌနဂိုရ်ကျေးရွာအနီးရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေဖူလုံစွာ ရရှိစေရေးအတွက် ပဌနဂိုရ်ဆိုလာရေတင်စီမံကိန်းလုပ်ငန်းအသစ် တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ စီမံကိန်းတည်ဆောက်မည်နေရာကို ဒီဇင်ဘာလ ၅ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုလာရေတင် စီမံကိန်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် အဆင့်အလိုက် ဆောင်ရွက်ရာတွင် စိုက်ပျိုးရေပေးဝေနိုင်တဲ့ဧကများ တစ်ဆင့်ချင်း တိုးတက်ရရှိနိုင်ရေး ညှိနှိုင်းစီမံဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။ တောင်သူအစုအဖွဲ့များဖွဲ့စည်း၍ မျိုးစေ့ထုတ်အဖွဲ့များ၊ ရေကို စနစ်တကျအလေအလွင့်မရှိ သုံးစွဲတတ်စေရန် အတွက် ရေအသုံးချသူများအဖွဲ့(WUG)များကို ဖွဲ့စည်းပေးမည်ဖြစ်ကြောင်းလည်း ဆွေးနွေးမှုများလုပ်ဆောင် နေကြောင်း သိရပါတယ်။ ပဌနဂိုရ်ဆိုလာရေတင်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းပြီးစီးပါက ဒေသရှိ စိုက်ပျိုးမြေဧက ၅၀၀ ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ရာ တစ်နှစ်လျှင် တစ်သီး စိုက်ပျိုးရာမှ တစ်နှစ်လျှင် သုံးသီး၊ သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)