“မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄,၂ဝဝ ခန့်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကိုခွင့်ပြု”

09 Dec

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ ၈ ရက်က နေပြည်တော်တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခြောက်ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ငါးခုနှင့် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့မှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ကိုးခုကို ခွင့်ပြုပေးခဲ့ပါတယ်။ အဆိုပါလုပ်ငန်း များ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၂၉၅ သန်းနှင့် ကျပ် ၄၅,၅၀၂ ဒသမ ၉၇၈ သန်း ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄,၁၁၉ ဦးကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ခွင့်ပြုပေးခဲ့တဲ့လုပ်ငန်းများမှာ နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိတဲ့ လျှပ်စစ်သုံး နှစ်ဘီး၊ သုံးဘီးမော်တော် ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီး ပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများဖြစ်ပါတယ်။ ယခု ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၈ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၅ ရာခိုင်နှုန်းနှင့် စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့် အသီးသီးရင်းနှီးမြှုပ်နှံထား ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီး မြှုပ်နှံမှု အဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်းနှင့် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဝန်ဆောင်မှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

09 Dec

ADVERTISE HERE .