“ဥရောပထိပ်သီးလိဂ် ၅ ခုထဲမှာ အိမ်ကွင်းရှုံးပွဲမရှိတဲ့ နာပိုလီအသင်း”

09 Dec

၂၀၂၅ ခုနှစ်အတွင်း ဥရောပထိပ်သီးလိဂ် ၅ ခုထဲမှာ နာပိုလီအသင်းဟာ အိမ်ကွင်းရှုံးပွဲမရှိတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ နာပိုလီအသင်းဟာ စီးရီးအေအိမ်ကွင်းပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အခုလို မှတ်တမ်းကောင်းကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနဲ့ပွဲစဉ်က နာပိုလီအသင်းအတွက် ၂၀၂၅ ခုနှစ် အတွင်း ယှဉ်ပြိုင်ကစားရတဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်ဖြစ်ပြီး လာမယ့်စီးရီးအေပွဲစဉ် နှစ်ပွဲကိုတော့ အဝေးကွင်းတွေမှာသာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နာပိုလီအသင်းဟာ ၂၀၂၅ ခုနှစ်အတွင်း စီးရီးအေအိမ်ကွင်းပွဲစဉ် ၁၇ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၁၃ ပွဲနိုင်၊ ၄ ပွဲ သရေရလဒ်နဲ့ ရှုံးပွဲမရှိစံချိန်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ နာပိုလီအသင်းဟာ ၁၉၈၇ ခုနှစ်တုန်းက တစ်နှစ်အတွင်း အိမ်ကွင်းရှုံးပွဲမရှိအောင် စွမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ယခုနှစ်မှာ ထပ်မံစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနဲ့ပွဲစဉ်မှာ နာပိုလီအသင်းရဲ့ သွင်းဂိုးနှစ်ဂိုးစလုံးကို တိုက်စစ်မှူး ဟွိုင်လန်း က သွင်းယူပေးခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုလည်း ရယူနိုင်ခဲ့ပါတယ်။ (NVS 008)

09 Dec

ADVERTISE HERE .