“တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ဒေသဆိုင်ရာစင်တာဖွင့်လှစ်”
09 Dec
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ဒေသဆိုင်ရာစင်တာကို ဒီဇင်ဘာလ ၈ ရက် တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ စီးပွားရေးကျွမ်းကျင်သူ ဂျွန်နက်ဝီဂန် အား ၎င်းစင်တာ၏ အကြီးအကဲအဖြစ်ခန့်အပ်ခဲ့သည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အာရှပစိဖိတ်ဒေသရေးရာလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန် အတွက် ၎င်းစင်တာက ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။ ၎င်းစင်တာသည် ဈေးကွက်အတွင်း စတင်ဝင်ရောက် သူများနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများအတွက် ငွေကြေးဆိုင်ရာသုတေသနနှင့် အသိပညာများမျှဝေရာ နေရာအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဏ္ဍတွင် မသေချာမှုများ မြင့်တက် နေချိန်တွင် ၎င်းမသေချာမှုများကို လွန်မြောက်စေရေးအတွက် မိမိတို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ခရစ်တီလီ နားဂျီဂျီဗာ က ပြောသည်။ ယခုစင်တာဖွင့်လှစ်ခြင်းသည် ငွေကြေးရန်ပုံငွေ တရုတ်နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့ကြား အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းကို ပြသနေကြောင်း တရုတ်နိုင်ငံ ပြည်သူ့ဘဏ်အကြီးအကဲ ပန်ဂိုရှန် က ပြောသည်။ ယခု ဆောင်ရွက်ချက်သည် တရုတ်နိုင်ငံနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကြား နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုကို ပြသနေကာ ကမ္ဘာလုံးဆိုင်ရာငွေကြေးစီမံခန့်ခွဲမှု ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။