“ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများအတွက် အဆင်ပြေစွာဆောင်ရွက် ပေးရန်မှာကြား”
09 Dec
၂၀၂၅ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က မျက်ခြည် မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က ပြောကြားခဲ့ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေး ကောင်တာများမှာ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို စစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိ အမြဲရှိပြီး ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန် မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ဝတ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှုတို့ကို အလေးထားကြရန်လိုအပ်ပြီး ခရီးသည်များအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် မလိုလားအပ်ဘဲ ကြန့်ကြာမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှာ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို စတင်ကျင်းပမည် ဖြစ်ပြီး အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်မှာ ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အသိပေးထားပြီးဖြစ်ပါတယ်။ (NVS 004)