ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ် တိုက်လေယာဉ်အား တရုတ်ရေတပ်လေယာဉ်တင်သင်္ဘော၏ တိုက်လေယာဉ် က ရေဒါမီးထိုးခဲ့ကြောင်း ဂျပန်ဘက်က ပြောဆိုချက်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြား
08 Dec
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ် တိုက်လေယာဉ်အား တရုတ်ရေတပ် လေယာဉ်တင်သင်္ဘော၏ တိုက်လေယာဉ်က ရေဒါမီးထိုးသည်ဟူသော ဂျပန်ဘက်က ပြောဆိုချက်နှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာလ ၇ ရက်တွင် ပြန်လည်ဖြေကြား ခဲ့သည်။ ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီ က အရေးပေါ် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး တရုတ်ရေတပ် “လျောင်နင်” လေယာဉ်တင်သင်္ဘော တင်ဆောင်လာသော J-15 တိုက်လေယာဉ်သည် ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းတွင် အိုကီနာဝါကျွန်း အရှေ့တောင်ပိုင်း နိုင်ငံတကာ ရေပိုင်နက်ဝေဟင်၌ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ် F-15 တိုက်လေယာဉ်အား ရေဒါမီးဆက်တိုက်ထိုးခဲ့ကြောင်း၊ ယင်းကို “လေယာဉ်လုံခြုံစွာပျံသန်းရန် လိုအပ်သည့်အတိုင်းအတာကို ကျော်လွန်သော အန္တရာယ်များသည့် လုပ်ရပ်” အဖြစ်သတ်မှတ်ကြောင်း ပြောကြားခဲ့သလို တရုတ်ဘက်ကို အပြင်းအထန်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းများအရ သိရကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံဘက်က မည်သို့မှတ်ချက်ပြုလိုသည်ကို သတင်းထောက် တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါအရေးကိစ္စနှင့်စပ်လျဉ်း၍ တရုတ်တပ်မတော်က တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ဖော်ပြ ခဲ့ပြီးဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ၎င်းဖြစ်ရပ်မှန်မှာ လွန်စွာရှင်းလင်းကြောင်း၊ တရုတ် နိုင်ငံ၏ ပုံမှန်စစ်ရေးလှုပ်ရှားမှုများကို ဂျပန်တိုက်လေယာဉ်က ကြိမ်ဖန်များစွာ အနီးကပ်ကင်းထောက်ခြင်းနှင့် နှောင့်ယှက်ခြင်းကသာ ပင်လယ်ရေပြင်နှင့် ဝေဟင်၏ အကြီးမားဆုံးသော လုံခြုံရေးအန္တရာယ်ဖြစ်ကြောင်း၊ ဂျပန်၏ ကန့်ကွက်ပြောဆိုမှုကို တရုတ်နိုင်ငံဘက်က လက်မခံဘဲ ချက်ချင်းပယ်ချခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် ပေကျင်းနှင့် တိုကျို တွင်လည်း တန်ပြန်အရေးဆိုမှုများကို အသီးသီးအဆိုပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် ဂျပန်ဘက်က အတိုင်းထက်အလွန် ပြောကြားနေသည့် “ရေဒါမီးထိုးခြင်း” ဆိုသော အရေးကိစ္စမှာ အမှားအမှန်ကို ကမောက်ကမပြုလုပ်ခြင်း၊ အခြားသူအပေါ် အပြစ်ပုံချခြင်း၊ အခြေအနေ တင်းမာမှု များကို ကျယ်ပြန့်အောင်ပြုလုပ်ခြင်း၊ နိုင်ငံတကာအသိုက်အဝန်းကို လမ်းမှားညွှန်ခြင်းတို့ဖြစ်ရာ လုံးဝဥဿုံ အခြား ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် အခိုင်အမာကန့်ကွက်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ပုံမှန်လေ့ကျင့်ရေးလှုပ်ရှားမှုများအား ဂျပန်ဘက်က ပြဿနာရှာနှောင့်ယှက်ခြင်းကို ချက်ချင်းရပ်တန့်ရန်၊ ဝာာဝန်မဲ့စွာ မဟုတ်မမှန်ချဲ့ကားပြောဆိုခြင်းနှင့် နိုင်ငံရေး လုပ်ကွက်အားလုံးကို ချက်ချင်းရပ်တန့်ရန် မိမိတို့အနေဖြင့် အပြင်းအထန်တိုက်တွန်းကြောင်း ၎င်းက ပြောကြား ခဲ့သည်။ (Repost from Xinhua Myanmar)