၂၀၂၅ ခုနှစ်အတွင်း ပေကျင်းတွင် နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှု တစ်ဟုန်ထိုး မြင့်တက်လာ
08 Dec၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၆ ရက် နံနက်အစောပိုင်းအချိန်အထိ ပေကျင်းရှိ နယ်စပ်အဝင်အထွက် စစ်ဆေးရေး စခန်းများမှတစ်ဆင့် ခရီးသည်အဝင်အထွက် ခရီးစဥ်များသည် သန်း ၂၀ ကျော်အထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ အဆိုအရ သိရသည်။ အဆိုပါကိန်းဂဏန်းအရေအတွက်၏ ၃၀ ရာခိုင်နှုန်းသည် နိုင်ငံခြားသား ခရီးသည်များဖြစ်ပြီး ၂၀၂၄ ခုနှစ် တစ်ခုလုံး၏ ၁ ဒသမ ၁ ဆနှင့် တူညီခဲ့ကြောင်း ပေကျင်းနယ်စပ်အဝင်အထွက် အထွေထွေစစ်ဆေးရေးစခန်း၏ ထုတ်ဖော်ပြောကြားမှုအရ သိရသည်။ ဒီဇင်ဘာလ ၆ ရက် နံနက်အစောပိုင်းအချိန်အထိ ပြည်ပနိုင်ငံသားများ၏ နယ်စပ်ဖြတ်ကျော်ခရီးသွားလာခဲ့မှု သည် ၆ သန်းကျော်အထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း၊ ယမန်နှစ်အလားတူကာလထက် ၃၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဗီဇာကင်းလွတ်ခွင့်မူဝါဒများက ဝင်ရောက်မှု ၁ ဒသမ ၈၆ သန်းခန့်ကို အဆင်ပြေလွယ်ကူချောမွေ့စေခဲ့ပြီး ယင်းပမာဏက ၂၀၂၄ ခုနှစ်တစ်နှစ်လုံးတွင် မှတ်တမ်းတင်ထားသည့် အရေအတွက်၏ ၁ ဒသမ ၉ ဆဖြစ်ကြောင်း၊ ပြည်ပနိုင်ငံခြားသားစုစုပေါင်းဝင်ရောက်မှုများ၏ ၆၀ ရာခိုင်နှုန်း ဖြစ်ကြောင်းသိရသည်။ အဆိုပါနိုင်ငံခြားသားခရီးသည်များ၏ ထက်ဝက်ခန့်နီးပါးသည် ကမ္ဘာလှည့်ခရီးသွားများအဖြစ် ခရီးသွားလာ ခဲ့ကြခြင်းဖြစ်ပြီး ကျန်ခရီးသည်များမှာမူ စီးပွားရေးလုပ်ငန်းဆိုင်ရာခရီးစဥ်များ သို့မဟုတ် မိတ်ဆွေများနှင့် မိသားစုများထံသို့ အလည်အပတ်ခရီးအတွက် ခရီးသွားလာခဲ့ခြင်းဖြစ်ကြောင်း အချက်အလက်များက ဖော်ပြသည်။ တရုတ်နိုင်ငံ၏ တစ်သမတ်တည်း ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နေသည့် ဗီဇာကင်းလွတ်ခွင့် မူဝါဒများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ယခုကဲ့သို့ နိုင်ငံခြားသားခရီးသည် တစ်ဟုန်ထိုးတိုးတက်လာခဲ့ခြင်း ဖြစ်သည်။ တရုတ် နိုင်ငံသည် နိုဝင်ဘာလအကုန်ထိ နိုင်ငံပေါင်း ၂၉ နိုင်ငံနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီမှုများကို တည်ထောင်နိုင်ခဲ့သလို ဥရောပ၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသများမှ နိုင်ငံပေါင်း ၄၈ နိုင်ငံအား တရုတ်နိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခွင့်ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ နယ်စပ်ဖြတ်ကျော်မှုများတွင် ချောမွေ့ပြီး ထိရောက်မှုရှိစေရေးအတွက်လည်း ပေကျင်းနယ်စပ်အဝင်အထွက် အထွေထွေစစ်ဆေးရေးစခန်းက အကောက်ခွန်ရှင်းလင်းရေးတွင် အဆင်ပြေလွယ်ကူ ချောမွေ့စေရေးအတွက် များစွာသောအစီအမံများကို ချမှတ်ဆောင်ရွက်ပေးခဲ့သည်။ နိုဝင်ဘာလ ၂၀ ရက်မှစတင်၍ ဝင်ရောက်လာသည့် ခရီးသည်များ အထောက်အကူဖြစ်စေရန် ဆိပ်ကမ်းများတွင် လမ်းညွှန်ဆိုင်းဘုတ်များကို ထပ်တိုးထည့်သွင်း ပေးထားသလို နိုင်ငံခြားသားခရီးသည်များအနေဖြင့်လည်း ၎င်းတို့၏ ဆိုက်ရောက်ကတ်များကို အွန်လိုင်းမှတစ်ဆင့် ပြီးပြည့်စုံစွာ ကြိုတင်ဖြည့်သွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)