“ဂါဇာဒေသငြိမ်းချမ်းရေးအတွက် ခိုင်ခိုင်မာမာဆောင်ရွက်ခြင်းမပြုနိုင်ပါက ရရှိထားသည့် ငြိမ်းချမ်းရေး သဘော တူညီချက်ပျက်ပြယ်နိုင်ဟု ကာတာဝန်ကြီးချုပ် ပြောကြား”
08 Dec
ဂါဇာဒေသငြိမ်းချမ်းရေးအတွက် ခိုင်ခိုင်မာမာဆောင်ရွက်ခြင်းမပြုနိုင်ပါက ရရှိထားသည့် ငြိမ်းချမ်းရေး သဘောတူညီချက် ပျက်ပြယ်နိုင်ကြောင်း ကာတာဝန်ကြီးချုပ် ရှိတ်မိုဟာမက် ဗင် အဗ္ဗဒူရာမန် အယ်သာနီ က ဒိုဟာ ထိပ်သီးဆွေးနွေးပွဲတွင် ဒီဇင်ဘာလ ၆ ရက် က ပြောသည်။ ဂါဇာဒေသငြိမ်းချမ်းရေး ရရှိရန်အတွက် ဂါဇာဒေသမှ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာရန်လိုအပ်ပြီး ဒေသတွင်းရှိ ပါလက်စတိုင်းများအား လွတ်လပ်စွာသွားလာခွင့်ပြုရန် လိုအပ်ကြောင်း ၎င်းကပြောသည်။ အောက်တိုဘာလ ၁၀ ရက်တွင် ရရှိခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်အရ တိုက်ခိုက်မှုများ ရပ်ဆိုင်းခဲ့သော်လည်း ဟားမတ်စ်အဖွဲ့ လက်နက်စွန့်ရေးကိစ္စရပ်တွင် သဘောထားကွဲလွဲမှုများရှိကြောင်း သိရသည်။ နိုဝင်ဘာလအတွင်းက ကုလသမဂ္ဂအဆိုပြုခဲ့သည့် အစီအစဉ်အရ ဂါဇာဒေသအား ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟု အမည်ရသည့် အုပ်ချုပ်ရေးအဖွဲ့က စီမံခန့်ခွဲရေးနှင့်နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များ တပ်စွဲရေး တို့ကို အဆိုပြုခဲ့သည်။ ပါလက်စတိုင်းဒေသခံများအား အစ္စရေးများနှင့် ခွဲထုတ်ရေးအတွက် ဆောင်ရွက်မည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန် က ပြောသည်။ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များအား အဝါရောင်မျဉ်းအတွင်း တပ်စွဲကာ တိုက်ခိုက်မှုများကို စောင့်ကြည့်မည်ဟု အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဗားအဗ္ဗဒဲ လက်တီ က ပြောသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။