“ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ဇန်နဝါရီလ အစောပိုင်းတွင် ကျင်းပမည်”

08 Dec

ဂျပန်နှင့် တောင်ကိုရီးယားအစိုးရတို့က ဇန်နဝါရီလအစောပိုင်းတွင် ဂျပန်နိုင်ငံအနောက်ပိုင်း နာရာမြို့၌ နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကျင်းပရန် စီစဉ်လျက်ရှိသည်။ နာရာမြို့သည် ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနေး ၏ ဇာတိစီရင်စုဖြစ်သည်။ အောက်တိုဘာလတွင် ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနေး နှင့် တောင်ကိုရီးယား သမ္မတ လီဂျေမြောင် တို့သည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေး၏ ပြင်ပ အစည်းအဝေးအဖြစ် တောင်ကိုရီးယားနိုင်ငံ၌ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြသည်။ ၎င်းတို့သည် နိုဝင်ဘာလတွင် တောင်အာဖရိက၌ G-20 ထိပ်သီး အစည်းအဝေး၏ ပြင်ပအစည်းအဝေးတွင်လည်း တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေးကို အနာဂတ်အတွက်ဦးတည်ပြီး တည်ငြိမ်သောပုံစံဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် ၎င်းတို့နှစ်ဦးက သဘောတူညီခဲ့ကြသည်။ တောင်ကိုရီးယားသမ္မတ လီဂျေမြောင် က ဂျပန် နိုင်ငံသို့ အလည်အပတ်သွားရောက်ကာ တိုကျိုမြို့တော်ပြင်ပ မြို့တစ်မြို့၌တွေ့ဆုံရန် ဆန္ဒရှိကြောင်း အောက်တိုဘာ လတွင် ကျင်းပခဲ့သည့် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။ တာကာအိချိ ဆာနေး က လီဂျေမြောင် အား အပြန်အလှန်ယုံကြည်မှု တိုးလာစေရန် ၎င်း၏ဇာတိမြို့ဖြစ်တဲ့ နာရာမြို့သို့ ဖိတ်ကြားခဲ့ဖွယ်ရှိကြောင်း လေ့လာသူများက ပြောကြားသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

08 Dec

ADVERTISE HERE .