“မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စရပ်များ ဆွေးနွေး”
08 Dec
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှု ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးကိစ္စရပ်များကို နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Sihasak Phuangketkeow တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံတော်ယာယီသမ္မတက ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr.Sihasak Phuangketkeow ကို ဒီဇင်ဘာလ ၇ ရက်မွန်းလွဲပိုင်းမှာ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံစဥ်မှာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ရှည်လျားတဲ့သမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံကြား သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များ တိုးတက်ကောင်းမွန်နေစေရေး ဆက်လက်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုများ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေး ချမ်းရေးသည် မရှိမဖြစ်လိုအပ်၍ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းပြီး ထိန်းသိမ်းဆောင်ရွက်ရန်၊ နယ်စပ်ဒေသတရားမဝင် ကုန်သွယ်မှုများမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေသရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ လုပ်ဆောင်လျက်ရှိတဲ့ KK Park နှင့် ရွှေကုက္ကိုလ်တို့ရှိ အဆောက်အဦများကို မြန်မာ နိုင်ငံဘက်မှ အမြစ်ပြတ် ဖြိုချဖျက်ဆီးလျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဆက်လက်ပြီး နှစ်နိုင်ငံနယ်စပ်ဒေသမှာ လက်နက်ခဲယမ်းများ တရားမဝင်ရောင်းချနေမှုတွေကို နိုင်ငံတော် အဆင့် ပူးပေါင်းထိန်းသိမ်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံမှာ ယခုလအတွင်း လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ ပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိမှုနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပ ပြုလုပ်ရန်ဆောင်ရွက်မှု၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်စေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)