“ရှမ်းပြည်နယ်အတွင်း မဲစာရင်းမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် စစ်ဆေးဆောင်ရွက်လျက်ရှိ”
08 Dec
၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်အခွင့်အရေး အပြည့်အဝရရှိစေရန် ရည်ရွယ်၍ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲစာရင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့ရှိ မဲဆန္ဒနယ်များ၌ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် Door to Door စနစ်နဲ့ ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ မဲစာရင်းများ မှန်ကန်မှုရှိစေရန် ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ဒေသခံပြည်သူများ မဲစာရင်းမှန်ကန်စေရေး၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ကျန်ရှိခြင်းမရှိစေရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများ မှန်ကန်မှုရှိစေရေး Door to Door စနစ်နဲ့ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း၍ လိုက်လံစစ်ဆေး ပေးလျက်ရှိပါတယ်။ အဆိုပါစစ်ဆေးခြင်းကို ဒီဇင်ဘာလ ၆ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁၉)ရပ်ကွက်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ ကာလိမြို့ရှိ ဟိုပန်ကျေးရွာ၊ နမ့်စန်မြို့နယ်၊ နမ့်စန်ကျေးရွာအုပ်စုရှိ အမှတ်(၁) ကျေးရွာ၊ မိုင်းနောင်မြို့ရှိ နားကန်းကျေးရွာ တို့၌ Door to Door စနစ်ဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက တစ်အိမ် တက်ဆင်း မြေပြင်ကွင်းဆင်းကာ မဲစာရင်းများကို တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပါတယ်။ လာမည့် ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နှင့် အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် တို့မှာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 004)