ဒေးဒရဲမြို့မှ ငါးခြောက်မျိုးစုံ ပိဿာချိန် ၇၅,၀၀၀ အထိ နိုဝင်ဘာလအတွင်းတင်ပို့
07 Dec
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးခြောက်မျိုးစုံ ပိဿာချိန် ၇၅,၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဒေးဒရဲမြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံများမှ သိရပါတယ်။ ဒေးဒရဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးခြောက်မျိုးစုံပိဿာချိန် ၆၀,၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလအတွင်း ငါးခြောက်မျိုးစုံပိဿာချိန် ၇၅,ဝ၀ဝ ထိ တင်ပို့ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် ငါးခြောက်များတွင် ငါးကွမ်းရှပ်(ငါးညို) ခြောက်၊ ငါးလိပ်ကျောက် ခြောက်၊ ငါးပြေမခြောက်၊ ငါးဖောင်ရိုးခြောက်၊ အာပဲ့ခြောက်များကို အများဆုံးတင်ပို့ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် ငါးခြောက်မျိုးစုံ ဈေးနှုန်းများမှာ ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၈,၅၀၀၊ ငါးကွမ်းရှပ်(ငါးညို)ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၅,၀၀၀၊ ငါးပြေမခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၈,၀၀၀၊ ငါးလိပ်ကျောက်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၅,၀၀၀၊ အာပဲ့ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၉,၅၀၀ ပေါက်ဈေးရှိကြောင်း သိရပါတယ်။(NVS 004)