ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် (၁၈)ကြိမ်မြောက် ပန်းပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

07 Dec

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် အထိမ်းအမှတ်(၁၈)ကြိမ်မြောက် ပန်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ အထိမ်းအမှတ် (Landmark)တစ်ခုဖြစ်သည့် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ နှစ်စဉ်ကျင်းပလျက်ရှိသည့် ပန်းပွဲတော်သည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသလူမှုစီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည့်အတွက် နှစ်(၁၀၀)ကျော်တိုင်ခဲ့ပြီဖြစ်သော အမျိုးသားကန်တော်ကြီးဥယျာဉ်၏ သမိုင်းအစဉ်အလာကို ဂုဏ်ယူ၍ လက်ဆင့်ကမ်းတန်ဖိုးထား ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ထူးကုမ္ပဏီအုပ်စုမှ တာဝန်ရှိသူများက အမျိုးသားကန်တော်ကြီး ဥယျာဉ် (၁၈)ကြိမ်မြောက် ပန်းပွဲတော်စွဲမက်ဖွယ်ရာ ပန်းခင်းကမ္ဘာ(Immersive Flowers Festival)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ (၁၈)ကြိမ်မြောက်ပန်းပွဲတော်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပန်းပွဲတော်အပါအဝင် ပြင်ဦးလွင်မြို့ရှိ အပန်းဖြေစခန်းများနှင့် အထင်ကရနေရာ များသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေ အနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရပါတယ်။(NVS 004)

07 Dec

ADVERTISE HERE .