ချာနိုဘိုင်လ် နျူကလီးယားစက်ရုံ ဒိုင်းကာစနစ် မောင်းသူမဲ့ဒရုန်းယာဉ်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရ
07 Dec
ယူကရိန်းနိုင်ငံ ချာနိုဘိုင်လ် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၌ တပ်ဆင်ထားသည့် နျူကလီးယားကာကွယ်ရေး ဒိုင်းကာစနစ်မှာ မောင်းသူမဲ့ဒရုန်းယာဉ် တိုက်ခိုက်မှုကြောင့် ပျက်စီးနေပြီဖြစ်ကြောင်း ကုလသမဂ္ဂနိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(အိုင်အေအီးအေ)က ဒီဇင်ဘာလ ၅ ရက်တွင် သတင်းထုတ်ပြန် ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ အိုင်အေအီးအေသည် ချာနိုဘိုင်လ် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၌ တပ်ဆင်ထား သည့် ဒိုင်းကာစနစ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်က စစ်ဆေးခဲ့ကြသည်။ စစ်ဆေးချက်ရလဒ်များအရ မောင်းသူမဲ့ ဒရုန်းယာဉ်ကြောင့် ပျက်စီးနေပြီဖြစ်သည့် ဒိုင်းကာစနစ်သည် နျူကလီးယားအန္တရာယ် ကာကွယ်ရေးလုပ်ငန်းကို ဆက်လက်တာဝန်ယူနိုင်တော့မည်မဟုတ်ကြောင်း အိုင်အေအီးအေ၏ အစီရင်ခံစာ၌ဖော်ပြထားသည်။ အဆိုပါ ဒိုင်းကာစနစ်သည် ချာနိုဘိုင်လ် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟောင်းမှ ရေဒီယိုသတ္တိကြွ အမှုန်အမွှားများ ပြင်ပသို့မပျံ့နှံ့စေရေးအတွက် ၂၀၁၉ ခုနှစ်တွင် အပြီးသတ်တည်ဆောက်ထားသော ဒိုင်းကာစနစ် ဖြစ်သည်။ ချာနိုဘိုင်လ် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ၁၉၈၆ ခုနှစ်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ နျူကလီးယားကပ်ဘေးတစ်ခု ပေါ်ထွက်ခဲ့ပြီး ဥရောပတစ်ဝန်း ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်များ ပျံ့နှံ့ခဲ့ရသည်။ ချာနိုဘိုင်လ် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံဟောင်း ဒိုင်းကာစနစ်သည် ယခုနှစ် ဖေဖော်ဝါရီလတွင် မောင်းသူမဲ့ဒရုန်းယာဉ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။