2025 Globe Soccer တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆု နောက်ဆုံးဆန်ခါတင် ကစားသမား များစာရင်း ထုတ်ပြန်ကြေညာ
06 Dec
2025 Globe Soccer ဆုပေးပွဲအခမ်းအနားတွင် ပေးအပ်မည့် အဓိကဆုတစ်ခုဖြစ်သည့် 2025 Globe Soccer တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင် ကစားသမားစာရင်းကို ထုတ်ပြန် ကြေညာခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ 2025 Globe Soccer တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင် ကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ရာ ပြီးခဲ့တဲ့ဘောလုံးရာသီက ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့သည့် ပီအက်စ်ဂျီ အသင်းက ကစားသမားခြောက်ဦးထိ အများဆုံးပါဝင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်က တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုကို ဆွတ်ခူးခဲ့သည့် ရီးရဲလ်မက်ဒရစ် အသင်းမှ ဗီနီစီးယက်စ် လည်း နောက်ဆုံးဆန်ခါတင်စာရင်းမှာ ပြန်လည်ပါဝင်ခဲ့ပါတယ်။ 2025 Globe Soccer ဆုပေးပွဲအခမ်းအနားကို ၂၀၁၀ ပြည့်နှစ်က စတင်ကျင်းပခဲ့သော်လည်း ပထမဆုံးကျင်းပသည့်နှစ်တွင် ကစားသမား များအတွက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုများ မပါဝင်ဘဲ သုံးဆုသာပေးအပ်ခဲ့ကာ ၎င်းဆုကို ၂၀၁၁ ခုနှစ် မှသာ စတင်ပေးအပ်ခဲ့ပြီး စီရော်နယ်ဒို က ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ 2025 Globe Soccer တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင် ကစားသမားစာရင်းတွင် ပီအက်စ်ဂျီအသင်းမှ ဒမ်ဘီလီ၊ ဒူယီ၊ ဟာကီမီ၊ ခါဗီချာ၊ မန်ဒက်၊ ဗီတင်ဟာ၊ ဘာစီလိုနာအသင်းမှ လီဝမ်ဒေါစကီး၊ ပက်ဒရီ၊ ရာဖင်ဟာ၊ လမိုင်းယာမယ်၊ မန်စီးတီးအသင်းမှ ဟာလန်း၊ ရီးရဲလ်မက်ဒရစ်အသင်းမှ အမ်ဘာပေ၊ ဗီနီစီးယက်စ်၊ လီဗာပူးလ်အသင်းမှ ဆာလတ်၊ ချဲလ်ဆီးအသင်းမှ ကိုးလ်ပယ်မာ တို့ ပါဝင်ခဲ့ကြပါတယ်။(NVS 008)