လယ်ယာနှင့် ရေထွက်ကုန်ပစ္စည်းများ ရုရှားသို့တင်ပို့နိုင်ရေးနှင့် ရုရှားထုတ်ဓာတ်မြေဩဇာများ တင်သွင်း နိုင်ရေးဆွေးနွေး

06 Dec

ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာစေရန်အတွက် လယ်ယာနှင့် ရေထွက်ကုန်ပစ္စည်း အပါအဝင် အဓိက ပို့ကုန်များကို ရုရှားနိုင်ငံသို့တင်ပို့နိုင်ရေးနှင့် ရုရှားနိုင်ငံထုတ် ဓာတ်မြေဩဇာများ မြန်မာနိုင်ငံသို့ တင်သွင်းနိုင်ရေး မြန်မာ-ရုရှားနှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ က ရုရှားဖက်ဒရေးရှင်း နိုင်ငံ ခရက်စ်နောဂေါ့စ်ခ်မြို့အခြေစိုက် မော်စကိုခရိုင်ဆိုင်ရာ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်နှင့် ရော့စ်ကွန်ဂရက်ဖောင်ဒေးရှင်း၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(Fund RC-Investment)၏ အရှေ့တောင်အာရှစီမံကိန်းများ ညှိနှိုင်းရေးမှူး မစ္စတာ ဆာဂေးရှတီရော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံပြီး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာစေရန်အတွက် မြန်မာနိုင်ငံမှ လယ်ယာ ထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများအပါအဝင် အဓိကပို့ကုန်များကို ရုရှားနိုင်ငံ၌ ဈေးကွက်ပိုမိုရရှိနိုင်ရေး၊ ရုရှားနိုင်ငံထုတ် ဓာတ်မြေဩဇာများ မြန်မာနိုင်ငံသို့ တင်ပို့နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအကြား ကုန်စည်ပြပွဲများကျင်းပကာ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ရင်းနှီးမှု ရှိစေရေးနှင့် ကုန်ပစ္စည်းများ ပါဝင်ပြသနိုင်ရေးအတွက် အပြန်အလှန်ဖိတ်ကြားသွားနိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု စင်တာများ အပြန်အလှန်ဖွင့်လှစ်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။ ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေတွင် တည်ဆောက်မည့် သဘာဝမြေဩဇာစက်ရုံအတွက် လိုအပ်သည့်စက်ပစ္စည်းများ တင်သွင်းနိုင်ရေးနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် နိုင်ရေးတို့အတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)

06 Dec

ADVERTISE HERE .