ရွေးကောက်ပိုင်း အပိုင်း(၁)နှင့်အပိုင်း(၂) ကျင်းပမည့်မြို့နယ် ၂၀၂ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများကို UEC ကြေညာ

06 Dec

၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁)နှင့် အပိုင်း(၂) ကျင်းပချိန်တွင်ပါဝင်သည့် မြို့နယ် ၂၀၂ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော ရပ်ကွက်ပေါင်း ၁၆၁ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုပေါင်း ၂,၇၇၀ တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ UEC က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သော မြို့နယ် ၁၀၂ မြို့နယ်စာရင်းကို သြဂုတ်လ ၂၀ ရက်တွင် ကြေညာချက်အမှတ်(၅၆/၂၀၂၅)၊ အပိုင်း(၂)တွင် ပါဝင်သော မြို့နယ် ၁ဝဝ စာရင်းကို အောက်တိုဘာ ၂၈ ရက်တွင် ကြေညာချက်အမှတ်(၁၄၁/၂၀၂၅)တို့ဖြင့် ကြေညာခဲ့ပြီးဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရေး အခြေအနေမရှိသည့် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ် ၁၂၁ နယ်၊ မြို့နယ် ၅၆ မြို့နယ်ကို စက်တင်ဘာ ၁၄ ရက်တွင် ကြေညာချက်အမှတ်(၁၀၃/၂၀၂၅) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ UEC အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအား ထပ်မံစိစစ်ခဲ့ရာ ရွေးကောက်ပွဲအပိုင်း(၁)ကျင်းပမည့် မြို့နယ်များမှ ရပ်ကွက် ၁၃၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁,၃၀၆ အုပ်စု၊ ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် မြို့နယ်များမှ ရပ်ကွက် ၂၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁,၄၆၄ အုပ်စုဖြစ်ပြီး စုစုပေါင်း ရပ်ကွက် ၁၆၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၇၇၀ တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ကြေညာထားရှိပါတယ်။ ထုတ်ပြန်ကြေညာချက်အရ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ အပိုင်း(၁)နှင့်အပိုင်း(၂)တို့တွင် ‌‌ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသာ အားလုံးကျင်းပနိုင်ခြင်းဖြစ်ပါတယ်။

06 Dec

ADVERTISE HERE .