“ပေါင်ကြွက်သားဒဏ်ရာကြောင့် ၂ လခန့်အနားယူရမယ့် အာနိုး”
05 Dec
ဘီလ်ဘာအိုအသင်းကို အနိုင်ရတဲ့ပွဲမှာရခဲ့တဲ့ ပေါင်ကြွက်သားဒဏ်ရာကြောင့် ညာနောက်ခံလူ အာနိုးဟာ ၂ လ ခန့် အနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။ အာနိုး ဟာ ဒဏ်ရာပြဿနာတွေနဲ့ ကြံ့ခိုင်မှု မပြည့်ဝတာတွေကြောင့် အခုရာသီ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲသာ ကစားပေးထားနိုင်တာဖြစ်ပါတယ်။ အာနိုး ဟာ ဘီလ်ဘာအိုအသင်းနဲ့ပွဲစဉ်မှာ အခုရာသီပထမဆုံး လာလီဂါဂိုးဖန်တီးပေးမှုအဖြစ် အမ်ဘာပေ ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပေမယ့် ပွဲချိန် ၅၅ မိနစ်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ အာနိုး ရဲ့ ဒဏ်ရာကို အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် ပေါင်ကြွက်သား ဒဏ်ရာရခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရပြီး အနည်းဆုံး ၂ လလောက်အနားယူရနိုင်တယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ် အရွယ် အာနိုး ဟာ အခုနွေရာသီမှာ လီဗာပူးအသင်းကနေ မြင့်မားတဲ့မျှော်လင့်ချက်တွေနဲ့ ရီးရဲလ်အသင်းကို ရောက်လာပေမယ့် ခြေစွမ်းပြနိုင်ဖို့ကို ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ (NVS 008)