“ကြံ့ခိုင်မှု မပြည့်ဝပါက ဗင်နီစီယပ်စ်ကို ရွေးချယ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့ အန်ဆယ်လော့တီ”
05 Dec
ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လော့တီ က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ် အသင်းမှာ ကြံ့ခိုင်မှု ၁၀၀% ရှိတဲ့ ကစားသမားတွေကိုသာ ရွေးချယ်သွားမှာဖြစ်ပြီး ကြံ့ခိုင်မှုမပြည့်ဝရင် ဗင်နီစီယပ်စ်ကိုလည်း ရွေးချယ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဆန်းတို့စ်အသင်းက နာမည်ကျော်တိုက်စစ်ကစားသမား နေမာ ဟာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝဖို့ မသေချာတာကြောင့် မေးမြန်းခဲ့ရာမှာ အန်ဆယ်လော့တီ က ဗင်နီစီယပ်စ် ကိုပါ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ နေမာက သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာနိုင်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်ရဖို့ ဆန္ဒပြင်းပြနေပေမဲ့ ဒဏ်ရာထိုးနှက်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လွဲချော်ရဖို့ အလားအလာ များနေကြောင်း သိရပါတယ်။ ဗင်နီစီယပ်စ် က လက်ရှိအချိန်မှာ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့တိုက်စစ်ကို အဓိကဦးဆောင်နေသူ ဖြစ်ပါတယ်။ (NVS 008)