“တရုတ်နိုင်ငံသားများအား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုသည့်အမိန့် ရုရှားအတည်ပြု”

05 Dec

ရုရှားနိုင်ငံသို့ အလည်အပတ်ခရီးနှင့် လုပ်ငန်းကိစ္စများအတွက် လာရောက်မည့် တရုတ်နိုင်ငံသားများ၏ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုသည့်အမိန့်ကို ဒီဇင်ဘာလ ၁ ရက်တွင် ရုရှားသမ္မတဗလာ ဒီမာပူတင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ခွင့်ပြုမိန့်အရ ရက်ပေါင်း ၃၀ အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအမိန့်အရ ရုရှားနိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ခရီးသွားများအား မိသားစုကိစ္စ၊ လုပ်ငန်းကိစ္စ၊ အလည်အပတ်ခရီးနှင့် သိပ္ပံ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အားကစားဆိုင်ရာ အခမ်းအနားများတွင် ပါဝင်တက်ရောက်ရန် ၃၀ ရက်ထက်မပိုသည့် ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်အထိ ရရှိမည်ဖြစ်သည်။ သို့ရာတွင် ယခုကင်းလွတ်ခွင့်တွင် ရုရှားနိုင်ငံ၌ လာရောက်အလုပ်လုပ်သည့် တရုတ်နိုင်ငံသားများနှင့် ပညာသင်ကြားသူများအတွက် မပါဝင်ကြောင်း သိရသည်။ ယခုကဲ့သို့ တရုတ်နိုင်ငံသားများအား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုသည့်စနစ်ကြောင့် နွေရာသီတွင် တရုတ်ခရီးသွားများ ရုရှားနိုင်ငံသို့လာရောက်မှု ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်လာမည်ဖြစ်ကြောင်း ရုရှားခရီးသွားလုပ်ငန်းအဖွဲ့ တာဝန်ရှိသူ အလက်ဇန္ဒား မူဆီကင် က ပြောသည်။ ယခုဆောင်ရွက်ချက်သည် ရုရှားခရီးသွားလုပ်ငန်းက ကာလရှည်ကြာ စောင့်မျှော်နေသည့်ဆောင်ရွက်ချက်ဖြစ်ပြီး နိုင်ငံအတွင်းသို့ တရုတ်ခရီးသွားများလာရောက်မှု နှစ်ဆမြင့်တက်လာမည်ဖြစ်ကြောင်း ရုရှားခရီးသွားလုပ်ငန်း တာဝန်ရှိသူက ပြောသည်။ တရုတ်ခရီးသွားများသည် ရုရှားနိုင်ငံသို့ အလည်အပတ်ခရီးလာရောက်သူများတွင် အများဆုံးဖြစ်ကာ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးသည့်ဆောင်ရွက်ချက်ကြောင့် ရှေ့နှစ်အစောပိုင်းတွင် တရုတ်ခရီးသွားနှစ်သန်း ရုရှားနိုင်ငံသို့ လာရောက်မည်ဟုယုံကြည်ကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူ နီကီတာ ကွန်ဒရာယက် က ပြောသည်။ တရုတ်နိုင်ငံကလည်း ယခုနှစ် စက်တင်ဘာလ ၂ ရက်တွင် သာမန်နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူ ရုရှားနိုင်ငံသားများအား ရက် ၃၀ အထိ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုခြင်းကို စမ်းသပ်ကာလ သက်တမ်းတစ်နှစ် သတ်မှတ်ကာ စက်တင်ဘာလ ၁၅ ရက်တွင် အတည်ပြုဆောင်ရွက်ခဲ့သည်။ ခွင့်ပြုသည့် ခရီးများ မှာ လုပ်ငန်းကိစ္စ၊ အလည်အပတ်၊ ဆွေမျိုးများထံသွားရောက်ခြင်း၊ အပြန်အလှန်အလည်အပတ်ခရီးများနှင့် ခရီး တစ်ဖြတ် ရပ်နားရာနေရာအဖြစ် ဝင်ရောက်ခြင်းတို့ဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

05 Dec

ADVERTISE HERE .