“တင်းမာမှုဖြေလျှော့ရန် အစ္စရေးက လက်ဘနွန်သို့ အဆင့်မြင့်အရာရှိတစ်ဦး စေလွှတ်”
05 Dec
အစ္စရေးသည် ပြီးခဲ့သောအချိန်က ရရှိခဲ့သော နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဟစ်ဇ်ဘိုလာအဖွဲ့၏ အခြေစိုက်နေရာဖြစ်သည့် လက်ဘနွန်နိုင်ငံသို့ အဆင့်မြင့်အရာရှိတစ်ဦး စေလွှတ်ခဲ့သည်။ အစ္စရေးသည် ရှီးယားမွတ်ဆလင်အုပ်စုကို တိုက်ခိုက်နေချိန်တွင် ယခုလိုစေလွှတ်ခဲ့ခြင်း ဖြစ်သည်။ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းထားရန် အမေရိကန်၏ ဖိအားပေးမှုမြင့်တက်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား တိုက်ပွဲများသည် ၂၀၂၃ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ယခုတိုင် ဆက်လက်ဖြစ်ပွားနေခဲ့ သည်။ အမေရိကန်ပြည်ထောင်စုက ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့သည့် ပစ်ခတ်ရပ်စဲရေးသဘောတူညီချက်သည် နိုဝင်ဘာလတွင် အသက်ဝင်ခဲ့သည်။ သို့သော် ဟစ်ဇ်ဘိုလာအုပ်စုသည် စစ်ရေးလှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်နေသည်ဟု အစ္စရေးက အခိုင်အမာပြောကြားပြီး လက်ဘနွန်နိုင်ငံတစ်ဝန်းရှိ ဟစ်ဇ်ဘိုလာတို့ကို လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့သည်။ ယခုကဲ့သို့အခြေအနေများ ဖြစ်ပေါ်နေချိန်တွင် အဆင့်မြင့်အစ္စရေးအရာရှိတစ်ဦးနှင့် လက်ဘနွန်နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးတို့ လက်ဘနွန်တောင်ပိုင်း၌ တွေ့ဆုံခဲ့ကြသည်ဟု ဘေရွတ်အခြေစိုက် အမေရိကန်သံရုံးက ဒီဇင်ဘာလ ၃ ရက်တွင် ကြေညာခဲ့သည်။ ယင်းနှစ်နိုင်ငံအကြားတွင် သံတမန်ဆက်ဆံရေးမရှိသေးကြောင်း သိရ သည်။ ထိုသို့စေလွှတ်မှုသည် အစ္စရေးနှင့် လက်ဘနွန်နိုင်ငံတို့ကြား ဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အတွက် အခြေခံအုတ်မြစ်တစ်ခုထူထောင်ရန် ကနဦး ကြိုးပမ်းမှုတစ်ခုဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ဒီဇင်ဘာလ ၃ ရက်တွင် ပြောကြားခဲ့ကြောင်း NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။