“အင်တာနက်ဝန်ဆောင်မှုများ မူလအခြေအနေသို့ မကြာမီပြန်လည်ရရှိတော့မည်”
05 Dec
လာမယ့်ဒီဇင်ဘာလကုန်တွင် အင်တာနက်ဝန်ဆောင်မှုများ မူလအခြေအနေသို့ ပြန်လည်ရရှိတော့မယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁ ရက်က အင်တာနက်ဝန်ဆောင်မှုများရရှိရန် နိုင်ငံတကာသို့ ချိတ်ဆက်ထားတဲ့ ဆက်ကြောင်းများအနက် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သွယ်တန်းချိတ်ဆက်ထားသော UMO ပင်လယ် ရေအောက်ဖိုင်ဘာကေဘယ်ဆက်ကြောင်းဟာ ချို့ယွင်းပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါပြတ်တောက်မှုကြောင့် အင်တာနက်ဝန်ဆောင်မှု ရယူအသုံးပြုထားတဲ့ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် Internet Service Provider(ISP)များ၏ အင်တာနက်ဝန်ဆောင်မှုများ နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ၎င်းဆက်ကြောင်းကို ပြန်လည်ကောင်းမွန်စေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း ဆောင်ရွက်နေစဉ် အင်တာနက်ဝန်ဆောင်မှုများ အဆင်ပြေစွာအသုံးပြုနိုင်စေရန် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာ ဆက် ကြောင်းများ ထပ်မံတိုးမြှင့်ချိတ်ဆက် အသုံးပြုထားတဲ့အတွက် အင်တာနက်ဝန်ဆောင်မှုများ အထိုက်အလျောက် ပြန်လည်ကောင်းမွန်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြုပြင်မှုကို ဒီဇင်ဘာလကုန်ခန့်မှာ ဆောင်ရွက် ပြီးစီးမှာဖြစ်လို့ အင်တာနက်ဝန်ဆောင်မှုများ မူလအခြေအနေသို့ မကြာမီပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ (NVS 004)