“ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခု လက်မှတ်ရေးထိုး”

05 Dec

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး ဆွေးနွေးပွဲ – ၂၀၂၅ (Yangon Investment Facilitation Workshop-2025) ကို ဒီဇင်ဘာလ ၃ ရက်က ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာဒေသတစ်ခုဖြစ်ပြီး နိုင်ငံ့ GDP ၏ ၂၆ ရာခိုင်နှုန်းဖြစ်တဲ့အတွက် တိုင်းဒေသကြီး၏ဖွံ့ဖြိုးမှုက တစ်နိုင်ငံလုံးအတွက် အရေးကြီးပါကြောင်း၊ ယခုဆွေးနွေးပွဲ ဆောင်ပုဒ်ဖြစ်တဲ့ “ယုံကြည်မှုတွေ တည်ဆောက်ဖို့ ပူးပေါင်းမှုများ အားပေးစို့ Building Confidence, strengthening Collaboration” အတိုင်း အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင် က ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၏ မူလအဆိုပြုလွှာအတိုင်း ကုန်ထုတ်လုပ်မှုစွမ်းအား ပြန်လည်လည်ပတ်နိုင်ရေးနှင့် ပြည်ပသို့ ချိတ်ဆက်တင်ပို့မှု အဆင်ပြေချောမွေ့ရေးက အဓိကကျနေတဲ့အတွက် ဗဟိုမှကွင်းဆင်း ထိတွေ့အားပေးရင်း ပြန်လည်တင်ပြချက်များကို သက်ဆိုင်ရာဌာနများသို့ တင်ပြညှိနှိုင်း ကူညီသွားရန် လိုအပ်ပါကြောင်း၊ Processing Lines အပြင် ထပ်မံတိုးချဲ့တပ်ဆင်လိုသူရှိပါကလည်း မြန်ဆန် အဆင်ပြေချောမွေ့အောင် ကူညီသွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင် က ပြောကြား ခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု အခြေအနေ များ၊ ထပ်မံဖော်ထုတ်နိုင်မည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ တိုင်းဒေသကြီးအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအပေါ် ကူညီဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို အဓိကထား၍ ပြောကြားခဲ့ပါတယ်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးပြီး လုပ်ငန်းရှင် များရဲ့ မေးမြန်းတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။ ညနေပိုင်းမှာ ဆန်၊ ပဲ၊ နှမ်း စိုက်ပျိုးရေး ထွက်ကုန်များ၊ ဆိုလာလျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့်ဆက်စပ်တဲ့ နည်းပညာ လွှဲပြောင်းခြင်းကဏ္ဍစသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခုကို သက်ဆိုင်ရာ တာဝန်ရှိသူများက အပြန်အလှန်လက်မှတ်ရေးထိုး လဲလှယ်ကြကြောင်း သိရပါတယ်။ (NVS 004)

05 Dec

ADVERTISE HERE .