“မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)ရုံး အဆောက်အဦသစ်ကို နိုင်ငံတော်ယာယီသမ္မတ တက်ရောက်ဖွင့်လှစ်ပေး”

05 Dec

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီ ဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)၏ ရုံးအဆောက်အဦသစ်ဖွင့်လှစ်ပွဲကို ဒီဇင်ဘာလ ၄ ရက်နံနက်ပိုင်း က တက်ရောက်၍ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အခမ်းအနားကို ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်ယာယီသမ္မတမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ်အတွင်း ကြည့်ရှုပြီးနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က မြန်မာနိုင်ငံတော် ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အဆောက်အဦသစ်နှင့် သက်ဆိုင်သော လွှဲပြောင်းမှတ်တမ်းစာအုပ်ကို ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ထို့နောက် ဗဟိုဘဏ်ဥက္ကဋ္ဌက နိုင်ငံတော်ယာယီ သမ္မတသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင် ကိ ဂါရဝပြုပေးအပ်ခဲ့ပါတယ်။ ယာယီသမ္မတမှ တက်ရောက်လာကြသူများကို နှုတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ် တည်ဆောက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုခဲ့ပါတယ်။ ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)ရုံး အဆောက်အဦသစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ စတင် တည်ဆောက်ခဲ့ပြီး အဆောက်အဦသစ်ကို နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

05 Dec

ADVERTISE HERE .