ပြည်တွင်းထုတ်ဓာတ်ဆီများကို ဈေးနှုန်းသက်သာစွာနဲ့ ဖြန့်ဖြူးရောင်းချပေး
04 Dec
စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းမှာထုတ်လုပ်တဲ့ Ron 68 ဓာတ်ဆီများကို ယခင်က ပုဂ္ဂလိကသို့ တင်ဒါစနစ်နဲ့ ရောင်းချခဲ့ရာမှ ယခုနှစ်ဇန်နဝါရီလမှစတင်၍ သုံးစွဲသူများထံသို့ တိုက်ရိုက်ရောင်းချတဲ့ စနစ်နဲ့ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ရရှိမှုအပေါ်မူတည်၍ Ron 72 နှင့် Ron 77 ဓာတ်ဆီများကိုလည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါတယ်။ ယခုအခါ ရေနံစိမ်းကုန်ကြမ်းဈေးနှုန်းများ ကျဆင်းလာတဲ့အတွက် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဒီဇင်ဘာလကနေစတင်ကာ ပြည်တွင်းထုတ်ဓာတ်ဆီအမျိုးမျိုးကို ယခင်ရောင်းချနေတဲ့ ဈေးနှုန်းများထက် တစ်လီတာလျှင် ၂၀၀ ကျပ်အထိလျှော့ချ၍ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဆက်လက်ပြီး အဆင့်မြင့် Ron ဓာတ်ဆီများကို ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ရေနံဓာတုဗေဒ စက်ရုံစု(သံပရာကန်)မှ ထုတ်လုပ်သည့် ပြည်တွင်းထုတ်ဓာတ်ဆီ RON 68 များကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်မှစတင်ကာ တစ်လီတာ ငွေကျပ် ၂၂၀၀ နှုန်းဖြင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းလက်အောက်ရှိ စက်သုံးဆီအရောင်းဆိုင်များမှ အများပြည်သူသို့ လွတ်လပ်စွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိနေပါတယ်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး)ကို ပြန်လည် လည်ပတ်နိုင်ခဲ့ပြီးနောက် အဆိုပါစက်ရုံမှထုတ်လုပ်သည့် ဓာတ်ဆီ RON 77 ကိုလည်း တစ်လီတာလျှင် ၂,၂၄၅ ကျပ်နှုန်းဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင်အမှတ် (၀၃၅၄)တွင် အောက်တိုဘာလ ၁ ရက်မှစတင်ကာ အများပြည်သူသို့ လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပါတယ်။ ပြည်သူလူထုအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင် အမှတ် (၀၃၅၄) တွင် ပြည်တွင်းထုတ်ဓာတ်ဆီများဖြစ်သည့် RON 68 နှင့် (RON 77) တို့ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲ နိုင်ပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။(NVS 004)