တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများကို ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်မည်

04 Dec

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် မဟာဗျူဟာမြောက် လုံခြုံရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦးကြား ရရှိထားသော အရေးကြီးဘုံသဘောတူညီချက်များကို အပြည့်အဝအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုအား ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ရေးအတွက် ဒီဇင်ဘာလ ၂ ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဖြစ်သူ ဝမ်ရိ နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေး ရွှိုင်ဂူ တို့ တွေ့ဆုံဆွေးနွေးစဉ် ယင်းကဲ့သို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ဝမ် နှင့် ရွှိုင်ဂူ တို့က (၂၀)ကြိမ်မြောက် တရုတ်-ရုရှား မဟာဗျူဟာလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲအား ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကာ အဆိုပါဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံစလုံး၏ မဟာဗျူဟာလုံခြုံရေး အကျိုးစီးပွား များနှင့်သက်ဆိုင်သော အရေးကြီးကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ခြေခြေမြစ်မြစ်ဆွေးနွေးမှုများ လုပ်ဆောင် ခဲ့ရာ သဘောတူညီချက်အသစ်များ ရရှိခဲ့ပြီး မဟာဗျူဟာအရ အပြန်အလှန်ယုံကြည်မှုကိုလည်း ပိုမိုခိုင်မာစေခဲ့ ကြောင်း သိရသည်။ တရုတ်-ရုရှားဆက်ဆံရေးမှာ ယခုနှစ်အတွင်း အဆင့်မြင့်မားသော တိုးတက်မှုများဖြစ်ထွန်းခဲ့သည်ဟု ဝမ် က မှတ်ချက်ပြုခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် နှင့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာ ပူတင် တို့သည် ယခုနှစ်အတွင်း မော်စကိုတွင်တစ်ကြိမ်၊ ပေကျင်းတွင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် တွေ့ဆုံခဲ့ကာ ရှုပ်ထွေး၍ ပြောင်းလဲ နေသောဝန်းကျင်၌ နှစ်နိုင်ငံဆက်ဆံရေး တည်တည်ငြိမ်ငြိမ် တိုးတက်စေရေးအတွက် လမ်းညွှန်မှုပေးခဲ့သည်ဟု ဝမ် က ဆိုသည်။ လာမည့်နှစ်သည် တရုတ်-ရုရှား မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှု မိတ်ဖက်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်ကာလဖြစ်သကဲ့သို့ တရုတ်-ရုရှား အိမ်နီးချင်းကောင်းချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ် ၂၅ နှစ်ပြည့် အထိမ်းအမှတ်ကာလလည်းဖြစ်ရာ ခေတ်သစ် တရုတ်-ရုရှားဆက်ဆံရေး တိုးတက်မှု၏ အရေး ပါသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်ဟု ဝမ် က ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် မဟာဗျူဟာအရ အပြန်အလှန်ယုံကြည်မှု ခိုင်မာအောင်တည်ဆောက်ခြင်း၊ အိမ်နီးချင်း ကောင်းပီသမှုနှင့် ချစ်ကြည်ရင်းနှီးမှု နက်နက်ရှိုင်းရှိုင်းရှိစေခြင်း၊ ကိုယ်စီစီးပွားရေးတိုးတက်မှုနှင့် နိုင်ငံပြန်လည် အားသစ်လောင်းမှုတို့ကို အကျိုးပြုနိုင်ရန် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း၊ ထွက်ပေါ်လာသော ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို အတူတကွကိုင်တွယ်ဖြေရှင်းခြင်း၊ ကမ္ဘာလုံးဆိုင်ရာ သမာသမတ်ကျမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုတို့ကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ခြင်းတို့ကို လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ တရုတ်-ရုရှား မဟာဗျူဟာ လုံခြုံရေးဆွေးနွေးပွဲယန္တရားမှာ နိုင်ငံတကာလုံခြုံရေး၊ မဟာဗျူဟာတည်ငြိမ်ရေး နှင့်စပ်လျဉ်းသော အရေးကြီးကိစ္စရပ်များအတွက် ခြေခြေမြစ်မြစ် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ရန် နှစ်နိုင်ငံလုံး အတွက် အရေးပါသောလမ်းကြောင်းတစ်ခု ဖြစ်သကဲ့သို့ နှစ်ဖက်စလုံး၏ ပင်မအကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်ရာတွင် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ခြင်းအတွက် အရေးပါသော ပလက်ဖောင်းတစ်ခုလည်း ဖြစ်သည်ဟု ဝမ် က ထောက်ပြပြောဆိုခဲ့သည်။ ထိုယန္တရားအား စတင်ထူထောင်ခဲ့ပြီးနောက် လွန်ခဲ့သောနှစ် ၂၀ အတွင်း နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြား အရေးကြီးသဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် ထိရောက်သောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကာ နှစ်နိုင်ငံစလုံး၏ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို အထောက်အပံ့ဖြစ်စေသည့်အပြင် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကိုလည်း မြှင့်တင်ပေးလျက်ရှိကြောင်း၊ လက်ရှိအခြေအနေအရ အဆိုပါယန္တရား၏ တန်ဖိုးနှင့် အရေးပါမှုမှာ ယခင်ထက်ပင် ပိုမိုထင်ရှားလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အတူ နှစ်ဖက်အနေဖြင့် ထိုယန္တရားအား အပြည့်အဝအသုံးချခြင်း၊ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှု နှင့် ညှိနှိုင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းအောင်လုပ်ဆောင်ခြင်း၊ ပြင်ပစိန်ခေါ်မှုများအား အတူတကွ တုံ့ပြန် ဖြေရှင်းခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားရန်လည်း ဝမ် က တိုက်တွန်းပြောဆိုခဲ့သည်။ (Repost from Xinhua Myanmar)

04 Dec

ADVERTISE HERE .