ကမ္ဘောဒီးယားဆောက်လုပ်ရေးလုပ်ငန်း၌ ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း ဒေါ်လာ ၇ ဒသမ ၃၂ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဆွဲဆောင်နိုင်ခဲ့
04 Dec
ကမ္ဘောဒီးယား ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍသည် ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၂ ဘီလီယံ ဆွဲဆောင်နိုင်ခဲ့ပြီး ယမန်နှစ်အလားတူကာလက ရရှိခဲ့သည့် ဒေါ်လာ ၄ ဒသမ ၃၃ ဘီလီယံထက် ၆၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဒီဇင်ဘာလ ၂ ရက်က တရားဝင်အစီရင်ခံစာအရ သိရသည်။ မြေယာစီမံခန့်ခွဲမှုဝန်ကြီးဌာန၊ မြို့ပြစီမံကိန်းနှင့်တည်ဆောက်ရေးဌာနမှ ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဝန်ကြီးဌာနအနေဖြင့် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ဆောက်လုပ်ရေးစီမံကိန်း ၃,၅၀၃ ခုအတွက် လိုင်စင်များ ထုတ်ပေးခဲ့ကြောင်း ယခင်နှစ်အလားတူကာလအတွင်းရှိခဲ့သော စီမံကိန်းပေါင်း ၂,၆၂၂ ခုထက် ၃၃ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ ယနေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် အထပ်မြင့်အဆောက်အအုံပေါင်း ၃,၂၅၄ ခု (ငါးထပ်မှအထပ် ၄၀ ကြား) နှင့် မြို့သစ်နှင့် လူနေအိမ်ရာ ၆၉၈ ခုရှိပြီး အများစုမှာ ဖနွမ်းပင်မြို့တော်တွင်ဖြစ်ကြောင်း အစီရင်ခံစာတွင် ထပ်မံ ဖော်ပြခဲ့သည်။ လက်ရှိအချိန်တွင် နိုင်ငံခြားကုမ္ပဏီပေါင်း ၃၇၇ ခု အပါအဝင် ဆောက်လုပ်ရေးနှင့် နေအိမ်ဒီဇိုင်း ကုမ္ပဏီပေါင်း ၉၅၃ သည် ကမ္ဘောဒီးယားနိုင်ငံတွင် လုပ်ငန်းလုပ်ဆောင်လျက်ရှိသည်။ “ဆောက်လုပ်ရေးကဏ္ဍက ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရာမှာ အဓိကအခန်းကဏ္ဍမှ လုပ်ဆောင်လျက်ရှိပြီး နောင်တွင်လည်း ဆက်လက်ပါဝင်နေမှာဖြစ်ပါတယ်” ဟု မြေယာ စီမံခန့်ခွဲမှုနှင့် မြို့ပြစီမံကိန်းနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Theng Chan Sangvar က ပြောကြားခဲ့သည်။ အထည်ချုပ်၊ ဖိနပ်နှင့်ခရီးသွားအသုံးအဆောင်များ ပြည်ပတင်ပို့ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းတို့အပြင် အိမ်ခြံမြေလုပ်ငန်းနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ထောက်ကူလျက်ရှိသည့် မဏ္ဍိုင်ကြီးလေးခုအနက်တစ်ခုဖြစ်သည်။ (Repost from Xinhua Myanmar)