အမေရိကန်အနေဖြင့် ကာရေဘီယံဒေသရှိ မူးယစ်မှောင်ခိုကူးသူများအား မြေပြင်တိုက်ခိုက်မှုများ အမြန်ဆုံး စတင်မည်ဟု ထရမ့် ပြော

04 Dec

ကာရေဘီယံဒေသတွင် မူးယစ်မှောင်ခိုကူးသူများအား ပစ်မှတ်ထားသည့် မြေပြင်တိုက်ခိုက်မှုများကို အမြန်ဆုံး စတင်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂ ရက်က အိမ်ဖြူတော်တွင်ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အဲဒီမြေပြင်တိုက်ခိုက်မှုတွေကို စတင်တော့မှာပါ။ မြေပြင်မှာက အများကြီးပိုလွယ်ကူပါတယ်။ အဲဒါက အများကြီးပိုလွယ်ပါတယ်။ သူတို့အသုံးပြုနေတဲ့ လမ်းကြောင်းတွေကိုလည်း သိထားပြီးပါပြီ” ဟု ထရမ့် က ထိုအစည်းအဝေး၌ ပြောကြားခဲ့သည်။ ကျေးဇူးတော်နေ့အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၂၇ ရက် ညပိုင်းက အမေရိကန်တပ်ဖွဲ့ဝင်များအား အမှာစကား‌ပြောကြားရာတွင် ထရမ့် က ဗင်နီဇွဲလား မူးယစ်မှောင်ခိုကူးသူများကို ဟန့်တားရာတွင် ကြိုးပမ်း အားထုတ်မှုများအတွက် အမေရိကန်လေတပ်၏ 7th Bomb Wing တပ်ဖွဲ့အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကာ ယင်းကဲ့သို့ မူးယစ်မှောင်ခိုကူးမှုများ၏ ၈၅ ရာခိုင်နှုန်းခန့်အား ပင်လယ်ရေကြောင်းမှ ဟန့်တားနိုင်ခဲ့သလို မြေပြင်မှ ဟန့်တားမှုများကိုလည်း စတင်လုပ်ဆောင်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ စက်တင်ဘာလ ၂ ရက်မှစ၍ ပင်တဂွန်က ကာရေဘီယံနှင့် ပစိဖိတ်အရှေ့ပိုင်းတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟုဆိုသော ရေယာဉ်ငယ်များအား လူသိရှင်ကြားတိုက်ခိုက်မှု ၂၁ ကြိမ်ထက်မနည်း လုပ်ဆောင် ခဲ့ရာ ယင်းတို့တွင် လိုက်ပါလာသူ ၈၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။ လွန်ခဲ့သောလများအတွင်း အမေရိကန်က အရေးပါသော လေယာဉ်တင်သင်္ဘောကြီးတစ်စင်းဖြစ်သော ယူအက်စ်အက်စ် ဂျရယ်လ်အာရ်ဖို့ဒ် အပါအဝင် စစ်သင်္ဘောတစ်ဒါဇင်ခန့်အား တပ်ဖြန့်ခဲ့သလို တပ်ဖွဲ့ဝင်အင်အား ၁၅,၀၀၀ ခန့်ကိုလည်း ဗင်နီဇွဲလားနှင့် ကမ်းရိုးတန်းဧရိယာအတော်များများ ထိစပ်နေသော ကာရေဘီယံပင်လယ်သို့ ဖြန့်ကြက်စေလွှတ်ခဲ့သည်။ သို့ဖြစ်၍ ကာရေဘီယံဒေသ၌ အမေရိကန်၏ တပ်ဖြန့်ချထားမှုမှာ အနည်းဆုံး ဆယ်စုနှစ် သုံးခုအတွင်း မကြုံဖူးသေးသည့် အင်အားအလုံးအရင်း ဖြန့်ကြက်စေလွှတ်မှုလည်းဖြစ်သည်။ အမေရိကန်ကွန်ဂရက်လွှတ်တော်မှ အမတ်အများအပြားအပါအဝင် ဝေဖန်သုံးသပ်သူများက မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ စင်စစ်အားဖြင့် အမေရိကန်၏ တစ်ခုတည်းသောရည်ရွယ်ချက် ဟုတ်မဟုတ်ဆိုသည်နှင့် ကာရေဘီယံ ဒေသတွင် အမေရိကန်က လနှင့်ချီလုပ်ဆောင်ခဲ့သော စစ်ရေးအရတိုက်ခိုက်မှုများ၏ ဥပဒေနှင့်ညီညွတ်မှုအပေါ် မေးခွန်းထုတ်ခဲ့ကြသည်။ ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရို ကလည်း ၎င်းအနေဖြင့် မူးယစ်ဆေးဝါးကုန်ကူးမှုများနှင့် တစ်စုံတစ်ရာ ဆက်နွယ်မှုမရှိကြောင်း ငြင်းဆန်ခဲ့ပြီး အမေရိကန်က ဗင်နီဇွဲလားတွင် အစိုးရအပြောင်းအလဲ ပေါ်ပေါက်လာစေရန် ရည်ရွယ်လျက် လုပ်ကြံဇာတ်လမ်းဆင်ကာ စစ်ပွဲတစ်ပွဲကို ဖန်တီးနေခြင်းဖြစ်သည်ဟု တန်ပြန်စွပ်စွဲထားသည်။ (Repost from Xinhua Myanmar)

04 Dec

ADVERTISE HERE .