“ဂါဇာပြည်သူများ အီဂျစ်သို့ထွက်ခွာရန် ရာဖာဖြတ်သန်းရေးဂိတ်ကို လာမည့်ရက်များအတွင်း ဖွင့်လှစ်မည်ဟု အစ္စရေးပြော”
04 Dec
အရပ်သားပြည်သူများကို ပျက်စီးနေသောနယ်မြေမှ ထွက်ခွာခွင့်ပေးရန် အီဂျစ်နှင့်ဂါဇာကြား အဓိက လမ်းကြောင်းတစ်ခုဖြစ်သည့် ရာဖာဖြတ်သန်းရေးဂိတ်ကို လာမည့်ရက်များအတွင်း ပြန်လည်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း အစ္စရေး၏ဒီဇင်ဘာလ ၃ ရက် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။ ဒေသခံပြည်သူများ ဂါဇာ ကမ်းမြောင်ဒေသမှ အီဂျစ်သို့သွားရောက်နိုင်ရန်အတွက် ဖြတ်သန်းရေးဂိတ်ကို မကြာမီဖွင့်လှစ်သွားမည် ဖြစ် ကြောင်း ကမ်းမြောင်သို့ အကူအညီများဝင်ရောက်မှုကို ကြီးကြပ်ကွပ်ကဲသည့် နယ်မြေဒေသများရှိ အစိုးရလုပ်ငန်း များ ညှိနှိုင်းရေးမှူးရုံးက လူမှုမီဒီယာ အိတ်စ်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။ အစ္စရေးက ထွက်ခွာရန်ခွင့်ပြုလိုက်သည့် ဒေသခံပြည်သူများသည် ဥရောပသမဂ္ဂမစ်ရှင်၏ကြီးကြပ် ကွပ်ကဲ မှုနှင့်အတူ အီဂျစ်နှင့်ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းဆောင်ရွက်မှုများအရ ရာဖာဖြတ်ကျော်ရေးဂိတ်မှတစ်ဆင့် ထွက်ခွာကြမည်ဖြစ်ကြောင်း အစိုးရလုပ်ငန်းများ ညှိနှိုင်းရေးမှူးရုံးက ဖော်ပြခဲ့သည်။ အဆိုပါ ဆောင်ရွက်မှုကို အပစ်ရပ်စဲရေးသဘောတူညီချက်နှင့် နိုင်ငံရေးဆိုင်ရာလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရ လုပ်ငန်းများ ညှိနှိုင်းရေးမှူးရုံးက ဆက်လက်ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။