“ပြင်ဦးလွင်ဒေသပန်းမျိုးစုံကို ဈေးကွက်ဝင်အရည်အသွေးရရှိအောင် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေ”

04 Dec

ပြင်ဦးလွင်ဒေသမှာ ဖြစ်ထွန်းနိုင်တဲ့ ဒေသပန်းမျိုးစုံကို ဈေးကွက်ဝင်အရည်အသွေးနဲ့ မျိုးစေ့များထုတ်လုပ် နိုင်ရန် သုတေသနပြုဖော်ထုတ်ဆောင်ရွက်နေကြောင်း သိရပါတယ်။ ပြင်ဦးလွင်မြို့ရှိ ဒိုးကွင်ဥယျဥ်ခြံတွင် သုတေသနပြုကာ မျိုးစေ့များထုတ်လုပ်နေခြင်းဖြစ်ပြီး အဆိုပါ ဥယျာဉ်ခြံသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် ဒီဇင်ဘာလ ၂ ရက်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဒိုးကွင်ခြံက အကျယ်အဝန်း ၄၀ ဒသမ ၄၆ ဧကရှိပြီး ၂၀၂၂ ခုနှစ်မှစတင်၍ ဒေသသစ်ခွပန်းမျိုး စုဆောင်းခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းမှ သစ်ခွမျိုးပေါင်း ၁၀၃ မျိုး စုဆောင်း ထားရှိပြီး တစ်သျှူးနည်းပညာဖြင့် မျိုးပွားများခြင်း၊ မင်္ဂလာဒုံသစ်ခွခြံ၊ ဘားလားသစ်ခွခြံတို့နှင့် သစ်ခွမျိုးစပ်ခြင်း၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မင်္ဂလာဒုံသစ်ခွခြံမှ မျိုးစပ်ထုတ်လုပ်သော သစ်ခွစပ်မျိုး ၁၂ မျိုးကို ပြင်ဦးလွင်ဒေသ ရေမြေ အခြေအနေနှင့် ကိုက်ညီမှု ရှိ၊ မရှိ စမ်းသပ်စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး နှင်းဆီမျိုးကွဲပေါင်း ၃၂ မျိုးအနက် ထူးခြားတဲ့ အရောင်၊ အပွင့်၊ ပုံစံနှင့် မွှေးရနံ့ရရှိစေရေး ရွေးချယ်မျိုးစပ်လျက်ရှိရာ စပ်မျိုးအတွဲပေါင်း ၂၁ တွဲ မျိုးစပ်ထားရှိကြောင်းနှင့် လာမည့်နှစ်တွင် အဆိုပါစပ်မျိုးများအား အပင်အဖြစ်မွေးမြူ၍ ထူးခြားသည့် အနံ့၊ အပွင့်၊ အရောင်တို့ကို စိုက်ပျိုးရွေးချယ်ပြီး ဒေသတွင်းစီးပွားဖြစ်ခြံများသို့ မျိုးသစ်များ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အလားတူ ပြည်တွင်းဒေသမျိုး မေမြို့ပန်းများကို တာရှည်ခံနိုင်ရေး၊ အပင် ပင်စည်တောင့်တင်းမှုရှိစေရေး၊ ရောင်စုံမျိုးသစ်များပေါ်ထွက်ရေး သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြင်ဦးလွင် ဒေသမှာ ဖြစ်ထွန်းနိုင်တဲ့ ဒေစီပန်း၊ ကညွတ်ပန်း၊ ကျောက်ခက်ပန်း၊ ရေမွှေးပန်း၊ တိုးနရားပန်းအပါအဝင်ဒေသ ပန်းမျိုးစုံကို ဈေးကွက်ဝင်အရည်အသွေးနဲ့ မျိုးထုတ်လုပ်နိုင်ရေးကိုလည်း သုတေသနပြုဖော်ထုတ် ဆောင်ရွက် လျက်ရှိကြောင်းသိရပါတယ်။ ဒိုးကွင်ဥယျာဉ်ခြံမှ နှစ်စဉ် ဂန္ဓမာပန်းပျိုးပင် ၆ သိန်း၊ ကြက်မောက်ပန်းပျိုးပင် ၅,၀၀၀၊ ဒေလီယာပန်းပျိုးပင် ၂,၀၀၀၊ ဒေစီပန်းပျိုးပင် ၁,၂၀၀၊ ရေမွှေးပန်းပျိုးပင် ၁,၅၀၀၊ သစ်ခွပန်းပျိုးပင် ၁,၅၀၀၊ မေမြို့ပန်းမျိုးစေ့များကို နှစ်စဉ်ဖြန့်ဖြူးပေးလျက်ရှိတဲ့အပြင် နှစ်စဉ်ကျင်းပလျက်ရှိတဲ့ ပြင်ဦးလွင်ပန်းပြပွဲသို့ မျိုးစေ့ပျိုးပင်များ ဖြန့်ဖြူးပေး လျက်ရှိကြောင်းနှင့် ပြင်ဦးလွင်ကို ပန်းမြို့တော်ဖြစ်စေရေးအတွက် နည်းပညာဖြန့်ဖြူးပေးခြင်း၊ မျိုးစေ့များဖြန့်ဖြူး ပေးခြင်းလုပ်ငန်းများကို ပညာရှင်များစုဖွဲ့၍ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတော်အကြီးအကဲ၏ ပြင်ဦးလွင်ခရီးစဉ် လမ်းညွှန်ချက်များအရ ပြင်ဦးလွင်မြို့တော်ကို ပန်းမြို့တော်ဖြစ်ပေါ်စေရေးအတွက် ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီသော မေမြို့ပန်း မျိုးများ၊ နှင်းဆီပန်းများအပါအဝင်အခြားသော ပန်းမျိုးများကို သုတေသနပြုလုပ်၍ အရောင်အသွေးစုံအပွင့် ပုံစံမျိုးစုံထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိရေးအတွက် ဒေသမျိုးအချင်းချင်းမျိုးကူးစပ်ခြင်း၊ စုဆောင်း ထားရှိတဲ့ဒေသမျိုးများနှင့် ပြည်ပမျိုးများ မျိုးစပ်မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

04 Dec

ADVERTISE HERE .