“ရုရှားလွှတ်တော်က ရုရှားနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့ကြား စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို အတည်ပြု”
03 Dec
ရုရှားလွှတ်တော်က ရုရှားနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့ကြား စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် ကို အတည်ပြုလိုက်ကြောင်း သိရသည်။ ယခုသီတင်းပတ်နှောင်းပိုင်းတွင် ရုရှားသမ္မတဗလာဒီမာပူတင် က အိန္ဒိယ နိုင်ငံသို့ ချစ်ကြည်ရေးခရီးမသွားမီ အဆိုပါသဘောတူညီချက်ကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက်တို့တွင် အိန္ဒိယနိုင်ငံသို့ ၁၀ ကြိမ်မြောက် ချစ်ကြည်ရေး ခရီးသွားမည်ဖြစ်ပြီး ထိုခရီးစဉ်မတိုင်မီ ဒီဇင်ဘာလ ၂ ရက်တွင် လွှတ်တော်က ယခုသဘောတူညီချက်ကို အတည်ပြုလိုက်ခြင်းဖြစ်သည်။ သဘောတူညီချက်အရ နှစ်နိုင်ငံတပ်မတော်၊ နှစ်နိုင်ငံစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုများသည် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့ပြင် ယင်းသဘောတူညီချက်အရ တစ်နိုင်ငံ၏မြေပေါ်တွင် တစ်နိုင်ငံက စစ်လက်နက်ပစ္စည်းများ၊ တပ်ဖွဲ့ဝင်များကို တရားဝင်ဖြန့်ကြက်သွားနိုင်မည် ဖြစ်သည်။ ယခုခရီးစဉ်သည် ပူတင် အတွက် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးသော တောင်အာရှနိုင်ငံသို့ခရီးစဉ်ဖြစ်ပြီး ထိုခရီးစဉ်၌ နှစ်နိုင်ငံကြား နယ်ပယ်စုံပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရ သည်။