“၁၀ လအတွင်း ကရင်ပြည်နယ်သို့ ခရီးသွားဧည့်သည် ၅ သိန်းကျော် ဝင်ရောက်ခဲ့”
03 Dec
ကရင်ပြည်နယ်သို့ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ပြည်တွင်း ပြည်ပခရီးသွားဧည့်သည် ၅ သိန်းကျော်ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကရင်ပြည်နယ်ရုံးခွဲမှ သိရပါတယ်။ အဆိုပါအရေအတွက်ဟာ ပြီးခဲ့သည့်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်းခန့် ပိုမိုဝင်ရောက် ခဲ့တာဖြစ်ကြောင်း၊ လက်ရှိတွင် ကရင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ရာသီမရွေး လာရောက်လည်ပတ်နိုင်သော စုစုပေါင်းခရီးစဉ် ၂၆ ခုရှိပြီး ယခုအခါစိုက်ပျိုးရေးကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းနှင့် သဘာဝကိုအခြေခံတဲ့ ခရီးသွားလုပ်ငန်းများကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ ပြည်တွင်းရှိ တခြားဒေသများ၌ မိုးရာသီကာလတွင် ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု နည်းပါးသော်လည်း ကရင်ပြည်နယ်၌ မိုးရာသီကာလတွင် စိမ်းစိုလှပတဲ့ ရေမြေတောတောင် သဘာဝအလှ များကြောင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုများပြားကြောင်း၊ ယခုလာမည့် ဒီဇင်ဘာလတတိယပတ်တွင်လည်း ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပမည်ဖြစ်ရာ ခရီးသွားဧည့်သည်များသည် ယခုကတည်းက ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၌ ကြိုတင်စာရင်းပေးထားကြောင်းလည်း သိရပါတယ်။ ယခုအခါ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ပေါင်း ၁၆ ဖွဲ့ခန့် ဖွဲ့စည်းထားပြီး ပြည်နယ်အတွင်း ခရီးသွား ဧည့်သည့်အများဆုံး လာရောက်လည်ပတ်ကြတဲ့ ဘားအံခရီးစဉ်ဒေသနှင့် အနီးပတ်ဝန်းကျင်ရှိ ခရီးစဉ်များကို စနစ်တကျစီမံဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။ (NVS 004)