“၂၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်လိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရယူခဲ့တဲ့ လန်းစ်အသင်း”

02 Dec

လန်းစ်အသင်းဟာ အခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်လီဂူးပြိုင်ပွဲမှာ အန်ဂါစ်အသင်းကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ပြင်သစ်လိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ အခုတစ်ပတ် ပြင်သစ်လီဂူးပွဲစဉ်(၁၄)မှာ PSG အသင်းက မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့သလို၊ မာဆေးလ်အသင်းကလည်း တူးလူးအသင်းနဲ့ သရေကျခဲ့တာကြောင့် ၄ ပွဲဆက်အနိုင်ရခဲ့တဲ့ လန်းစ်အသင်းက ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လန်းစ်အသင်းဟာ နောက်ဆုံး ၁၀ ပွဲမှာ ၈ ပွဲအထိ အနိုင်ရရှိခဲ့ပြီး လက်ရှိရာသီ ပြင်သစ်လိဂ်မှာ နိုင်ပွဲ ၁၀ ပွဲပြည့်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လန်းစ်အသင်းဟာ ၂၀၀၄ ခုနှစ် သြဂုတ်လတုန်းက အမှတ်ပေးဇယားထိပ်ဆုံးနေရာ ရောက်ရှိခဲ့ပြီးနောက် ၂၁ နှစ်ကြာမှ တစ်ကျော့ပြန်တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ်။ လန်းစ်အသင်းကို ဒီနွေမှာမှ စတင်ကိုင်တွယ်ခဲ့တဲ့ ပြင်သစ်နည်းပြ ပီးယားဆက် ကတော့ ၁၄ ပွဲအပြီး ထိပ်ဆုံးနေရာ ရောက်ရှိနေတာဟာ အလုပ်ပြီးမြောက်တာ မဟုတ်ပေမယ့် စိတ်ကူးယဉ်ခွင့်ရရှိတဲ့အတွက် အလွန်ပျော်ရွှင်တယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

02 Dec

ADVERTISE HERE .