“စီးပွားရေးဆိုင်ရာလုံခြုံရေးကို အားကောင်းစေသည့် ဥပဒေကို ပြန်လည်သုံးသပ်ရန် ဝန်ကြီးချုပ် တာကာအိချီ ဆာနဲက ပြောကြား”

02 Dec

ဂျပန်ဝန်ကြီးချုပ် တာကာအိချီဆာနဲက လျင်မြန်သောအပြောင်းအလဲများဖြစ်နေသည့် နိုင်ငံတကာ အခြေ အနေကို တုံ့ပြန်နိုင်ရေးအတွက် နိုင်ငံ၏စီးပွားရေးဆိုင်ရာလုံခြုံရေးကို အားကောင်းစေရန် ရည်ရွယ်သည့်ဥပဒေကို ပြန်လည်သုံးသပ်ရန် ပြောကြားခဲ့သည်။ သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်ဝန်ကြီးများအစည်းအဝေးကို အစိုးရက နိုဝင်ဘာလ ၇ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။ နိုင်ငံတကာအခြေအနေများသည် မကြုံစဖူး လျင်မြန်သည့် အရှိန်၊ ရှုပ်ထွေးမှုများနှင့်ပြောင်းလဲလျက်ရှိကြောင်း၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှစကာ ဂျပန်နိုင်ငံသည် ကြမ်းတမ်း ရှုပ်ထွေးသည့် လုံခြုံရေးဆိုင်ရာအခြေအနေများနှင့်ဝန်းရံခံနေရကြောင်း တာကာအိချီက အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အစိုးရသည် ပြဿနာအသစ်များကို လျင်မြန်ခိုင်မာသည့် နည်းလမ်းများနှင့် ကိုင်တွယ်ဖြေရှင်း သွားရမည်ဖြစ်ကြောင်း၊ အဓိကအရေးပါသည့်ဓာတ်သတ္တုကဲ့သို့သော ကုန်ပစ္စည်းများရရှိနိုင်ရန် ကုန်စည်ဖြန့်ဖြူး ရေး ကွင်းဆက်များ အားကောင်းရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်က လွန်ခဲ့သည့်သုံးနှစ်က ပြဋ္ဌာန်းခဲ့သည့် စီးပွားရေး ဆိုင်ရာလုံခြုံရေးမြှင့်တင်ရေးဥပဒေကို ပြန်လည်သုံးသပ်ရန်အတွက် ကျွမ်းကျင်ပညာရှင်များနှင့်စတင်ဆွေးနွေးရန် စီးပွားရေးဆိုင်ရာလုံခြုံရေးဝန်ကြီး အိုနိုဒါကီမီကိုကို ညွှန်ကြားခဲ့သည်။ ရည်မှန်းချက်အောင်မြင်ရန် ပညာရှင်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရေးအပါအဝင်စနစ် တစ်ခုတည်ထောင်ရန်နှင့် အခြားအစိုးရအဖွဲ့ဝင်ဝန်ကြီးများကိုလည်း အိုနိုဒါနှင့်ညှိနှိုင်းဆွေးနွေးလုပ်ဆောင်ရန် ညွှန်ကြား ခဲ့သည်။ စီးပွားရေးဆိုင်ရာလုံခြုံမှုရှိစေမည့် စီမံကိန်းများကို အစိုးရက ပံ့ပိုးကူညီပေးသွားမည်ဟု မျှော်လင့်ရကြောင်း အဆိုပါစီမံကိန်းများတွင် ပင်လယ်ရေအောက်ဆက်သွယ်ရေးကေဘဲလ်လိုင်းများ ပါဝင်ကောင်း ပါဝင်နိုင်ကြောင်း ဝန်ကြီးချုပ်က ပြောသည် ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

02 Dec

ADVERTISE HERE .