“တရုတ်နိုင်ငံသို့ ဝင်ထွက်ခွင့်အတွက် အွန်လိုင်းဖောင်ဖြည့်သွင်းမှုစနစ် အကောင်အထည်ဖော်‌ဆောင်ရွက်နေ”

02 Dec

တရုတ်နိုင်ငံသို့ နိုင်ငံခြားသားများ ဝင်ရောက်မှုပိုမိုအဆင်ပြေစေရန်အတွက် ယခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ စတင်ကာ တရုတ်နိုင်ငံ နယ်စပ်ဝင်ထွက်ပေါက်နေရာများမှာ နိုင်ငံခြားသားပြည်ဝင်ခွင့်ကတ်ပြား အွန်လိုင်းဖောင် ဖြည့်သွင်းမှုစနစ်ကို အကောင်အထည်ဖော်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဒီဇင်ဘာလ ၁ ရက်က အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါစနစ်ဟာ နိုင်ငံခြားသားများ တရုတ်နိုင်ငံသို့ မရောက်ရှိမီ တရုတ်နိုင်ငံ အမျိုးသားလူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန တရားဝင်ဝက်ဘ်ဆိုဒ်၊ အစိုးရဝန်ဆောင်မှု ပလက်ဖောင်း၊ “လူဝင်မှုကြီးကြပ်ရေးဌာန ၁၂၃၆၇” မိုဘိုင်းအက်ပ်၊ WeChat (Alipay) ပရိုဂရမ်များ သို့မဟုတ် မိုဘိုင်းဖုန်းမှတစ်ဆင့် ပြည်ဝင်ခွင့်ကတ်ပြား ဖောင်ဖြည့်သွင်းရန် QR ကုဒ်ကိုစကင်ဖတ်ရှုခြင်းစသည့် နည်းလမ်းများဖြင့် အွန်လိုင်းမှတစ်ဆင့် ပြည်ဝင်ခွင့်ဆိုင်ရာ အချက်အလက်များကို ဖြည့်သွင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အွန်လိုင်းမှတစ်ဆင့် ဖြည့်သွင်းရန် အဆင်မပြေသော နိုင်ငံခြားသားများအနေဖြင့် တရုတ်နိုင်ငံ နယ်စပ်ဂိတ်ဝင်ထွက်ပေါက်တည်နေရာသို့ ရောက်ရှိပါက မိုဘိုင်းဖုန်းမှ တစ်ဆင့် ပြည်ဝင်ခွင့်ကတ်ပြား ဖြည့်သွင်းရန် QR ကုဒ်ကို စကင်ဖတ်ရှုခြင်း သို့မဟုတ် နေရာတွင်ရှိသော စမတ်စက်ပစ္စည်းများကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ပြည်ဝင်ခွင့်ဆိုင်ရာ အချက်အလက်များကို ဖြည့်သွင်းခြင်း သို့မဟုတ် နိုင်ငံခြားသားပြည်ဝင်ခွင့်စာရွက်ဖောင် ဖြည့်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့်ကတ်ပြား ကိုင်ဆောင်ထားသူ များ၊ ပြည်မကြီးခရီးသွားခွင့်လက်မှတ် ကိုင်ဆောင်ထားသော ဟောင်ကောင်နှင့် မကာအိုဒေသခံများ (တရုတ်နိုင်ငံ သားမဟုတ်သူများ)၊ အဖွဲ့လိုက်ဗီဇာ ကိုင်ဆောင်ထားသူများ သို့မဟုတ် အဖွဲ့လိုက်ဗီဇာကင်းလွတ်ခွင့်အတွက် အရည်အချင်းပြည့်မီသူများ၊ ၂၄ နာရီအတွင်း တိုက်ရိုက်ဖြတ်သန်းခြင်း(နယ်စပ်ဂိတ်ဝင်ထွက်ပေါက်၏ သတ်မှတ်ထား သောဧရိယာမှာ ယာယီနေထိုင်သူများ)၊ သင်္ဘောဖြင့် ဝင်ရောက်ခြင်းနှင့် မူလသင်္ဘောဖြင့် ပြန်လည်ထွက်ခွာသူများ၊ အမြန်လမ်းကြောင်းမှ ဝင်ရောက်သူများနှင့် ပြည်ဝင်ပြည်ထွက် သယ်ဆောင်ပို့ဆောင်ရေးယာဉ်များမှာ တာဝန် ထမ်းဆောင်သော နိုင်ငံခြားသားဝန်ထမ်းများစတဲ့ အခြေအနေများရှိသော နိုင်ငံခြားသားများဟာ ပြည်ဝင်ခွင့်ကတ် ဖောင်ဖြည့်သွင်းရန် ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။ (NVS 004)

02 Dec

ADVERTISE HERE .