“ပဲခူးမှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသို့ အချိန်တိုအတွင်းသွားလာနိုင်တဲ့ ကွန်ကရစ်လမ်းမသစ် ဖွင့်လှစ်ပေးခဲ့”
01 Dec
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပဲခူးမြို့တွင်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသို့ အချိန်တိုအတွင်း သွားလာနိုင်ရေးအတွက် ၈ မိုင် ၁ ဖာလုံ အရှည်ရှိသော ၂၄ ပေအကျယ် ကွန်ကရစ်လမ်မသစ်ကြီးကို ဖောက်လုပ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါလမ်းဟာ ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင်လမ်း မိုင်တိုင်အမှတ်(၅/၇)မှ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၂/၆) နှင့် (၃၂/၇) ကြား လသာကုန်း Underpassသို့ ဆက်သွယ်ထားတဲ့ လမ်းလည်းဖြစ်ပါတယ်။ ယခင်ကမူ ပဲခူးမြို့မှ ရန်ကုန်-မန္တလေး အမြန်လမ်းသို့သွားရာမှာ ဘုရားကြီးမြို့မှ တစ်ဆင့် သွားလာခဲ့ရပြီး ပဲခူးဒေသက မိုးများတဲ့ဒေသဖြစ်၍ နှစ်စဉ်ပဲခူးမြို့နှင့် ဘုရားကြီးမြို့ကြားကားလမ်းနှင့် ၃၉ မိုင်၊ ဘောနတ်ကြီးတို့မှာ ရေကျော်မှုများရှိခဲ့ကာ ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုကို ကြန့်ကြာစေမှုများ ရှိခဲ့ပါတယ်။ ယခုလို လမ်းသစ်ဖွင့်လှစ်ပေးခဲ့နိုင်မှုကြောင့် ရေကြီးမည်ဆိုပါကလည်း ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုကို ကြန့်ကြာမှုမရှိ အဆင်ပြေစွာသွားလာနိုင်တော့မှာ ဖြစ်ပါတယ်။ အဆိုပါလမ်းကို ၂၀၂၁ ခုနှစ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာစတင်၍ ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်မှာမူ အများပြည်သူ သွားလာရန်အတွက် စတင်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ (NVS 004)