“ထိုင်းနိုင်ငံရှိ ရေကြီးမှုဖြစ်ပွားနေသည့်နေရာများမှ CI သက်တမ်းတိုးလျှောက်ထားရမည့်သူများ မည်သည့်စခန်းများတွင်မဆို သွားရောက်ဆောင်ရွက်နိုင်”
01 Dec
ထိုင်းနိုင်ငံရှိ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်နေရာများမှ Cl သက်တမ်းတိုးလျှောက်ထားမည့်သူများ အနေနဲ့ မည်သည့်စခန်းများမှာမဆို သွားရောက်ဆောင်ရွက်နိုင်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဒီဇင်ဘာလ ၁ ရက်နေ့ရက်စွဲဖြင့် အသိပေးကြေညာခဲ့ပါတယ်။ ယခုအခါ ရေကြီးရေလျှံမှုများဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နှင့် အနီးတစ်ဝိုက် ဒေသများရှိ အလုပ်သမားများအနေဖြင့် CI စာအုပ်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ခြင်းနှင့် ငွေပေးသွင်း ထားပြီး CI ပြုလုပ်ရန်ကျန်ရှိသူများအနေဖြင့် ငွေပေးသွင်းထားတဲ့ စခန်းများမှာ သွားရောက်ပြုလုပ်ရန် အခက်အခဲ ဖြစ်ပေါ်ခြင်းများရှိပါက အလုပ်သမားများ အဆင်ပြေစေရေးအတွက် နီးစပ်ရာ CI စခန်းများသို့ သွားရောက် လျှောက်ထားနိုင်ကြောင်း အသိပေးထားပါတယ်။ CI လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များကိုစခန်းရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ကြေညာချက်အရ သိရပါတယ်။ ထိုင်းနိုင်ငံမှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) ထုတ်ပေးရေး စခန်း ၄ ခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့များမှာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက်မှ စတင်၍ လည်းကောင်း၊ Mobile Unit ၁ ခုကို ကရာဘီမြို့တွင် အောက်တိုဘာလ ၁၀ ရက်မှစတင်၍လည်းကောင်း ဖွင့်လှစ်၍ CI သက်တမ်းတိုးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးခဲ့ပါတယ်။ (NVS 004)