“ဒလတံတားမှ ဖြတ်ကူးယာဉ်အမျိုးအစားများကို ကန့်သတ်”
01 Dec
မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတားက ပင်လယ်ကူးသင်္ဘောများဖြတ်ကူးတဲ့ မြန်မာနိုင်ငံ၏ ပထမဆုံးတံတားအမြင့်ဖြစ်ပြီး တံတားအချို့နေရာများမျာ လမ်းအနိမ့်အမြင့် Gradient မတ်စောက် တာကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ခွင့်ပြုမည့်ယာဉ်အမျိုးအစား ကန့်သတ်ခြင်း၊ မောင်းနှင်ခွင့်ပြု တဲ့ အရှိန်နှုန်းအားကန့်သတ်ခြင်းနှင့် အရှိန်ထိန်းစနစ် Speed Bump များ ထည့်သွင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ရန်လိုအပ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က မြန်မာ-ကိုးရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရူစစ်ဆေးချိန်မှာ ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာမှာ ယာဉ်နှင့်ယာဉ်မောင်းသူ တို့၏အားနည်းချက်ကြောင့် အန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်တဲ့အနေနဲ့ လိုအပ်သောစည်းမျဉ်းသတ်မှတ်ချက်များချမှတ် ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ဆွေးနွေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ငန်းစဉ်များအလိုက် လျာထားသတ်မှတ်ချိန်ထက် ဆောလျင်စွာပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ သံမဏိကြိုးထိန်းတိုင် (Pylon) များမှာ လေကြောင်းအချက်ပြ မီးများနှင့် မိုးကြိုးလွှဲများတပ်ဆင်ရန်၊ ညအချိန်သင်္ဘောများ အန္တရာယ်ကင်းရှင်းအောင်သွားလာနိုင်ရန်အတွက် ရေကြောင်းလမ်းပြမီးများကို သတ်မှတ်ချက်အတိုင်း တပ်ဆင်ဆောင်ရွက်ရန်၊ ဒလမြို့ရေချိုရရှိစေရေးအတွက် တံတား၏တစ်ဖက်တစ်ချက်တွင် ထည့်သွင်းဆောင်ရွက်နေသော အချင်း ၀ ဒသမ ၅ မီတာရှိသော ရေပိုက်နှစ်လုံး သွယ်တန်းပေးခြင်းအား စနစ်တကျဆောင်ရွက်ပေးရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ပါတယ်။ လက်ရှိတံတားတည်ဆောက်ရေးလုပ်ငန်း၏ အချောသပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေပြီး မကြာမီ ပြီးစီးတော့မှာဖြစ်တာကြောင့် ပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်း စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် အချောသပ်လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော Consultant အဖွဲ့မှ အင်ဂျင်နီယာ ပညာရှင်များနဲ့လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်းပြီးစီးရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားစီမံကိန်းလုပ်ငန်းများအားလုံးကို ယခုနှစ်ဒီဇင်ဘာလကုန်မှာ ပြီးစီးနိုင်ဆောင်ရွက်နေကြောင်း ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားထားခဲ့ပြီး တံတားပြီးစီး သွားပါက ရန်ကုန်မြို့ကတစ်ဆင့် ဒလ၊ တွံတေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြိုနယ်များသို့ လွယ်ကူစွာသွားလာ နိုင်မှာလည်းဖြစ်ပါတယ်။ (NVS 004)