“(၂၇)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံမှ တက်ရောက်ခဲ့”
01 Dec
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုဝင်ဘာလ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ(ဂျီအမ်အက်စ်)ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ထိုင်းနိုင်ငံ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံဆိုင်ရာ ဂျီအမ်အက်ဝန်ကြီး ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးကိုယ်စားလှယ်အဖြစ် ဒုတိယဝန်ကြီး ဦးသန့်စင်လွင် ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးပွဲမှာ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များမှာ ပုဂ္ဂလိက ကဏ္ဍနှင့် ဒေသန္တရအစိုးရများ၏ပါဝင်မှု ပိုမိုအားကောင်းစေရေးကိစ္စရပ်များအပေါ် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ အကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါ့ပြင်ဂျီအမ်အက်စ်စီးပွားရေးဖိုရမ် အဆင့်မြင့်မူဝါဒဆွေးနွေးပွဲမှာ ဂျီအမ်အက်စ်အစီအစဉ်ရဲ့ ဦးစားပေး ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့စိန်ခေါ်မှုများ၊ အဟန့်အတားများကို ပူးပေါင်း ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ တက်ရောက်လာတဲ့ ဂျီအမ်အက်စ်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဖွဲ့ဝင်နိုင်ငံများရှိ ဂျီအမ်အက်စ်စီးပွားရေးကောင်စီအသီးသီးမှ ကိုယ်စားလှယ်များအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ (၂၇) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေးသို့ ကမ္ဘောဒီးယား နိုင်ငံ ဂျီအမ်အက်စ်ဝန်ကြီးက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ပြီး အခြားအဖွဲ့ဝင်နိုင်ငံများဖြစ်ကြတဲ့ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံညှိနှိုင်းရေးမှူးများ၊ အဆင့်မြင့် အရာရှိများ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြပါတယ်။ (NVS 004)