ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲမှ ကမ္ဘောဒီးယားအသင်း နုတ်ထွက်
30 Nov
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲမှ ကမ္ဘောဒီးယား အသင်း နုတ်ထွက်ခဲ့သဖြင့် အုပ်စုများကို ပြန်လည်ပြင်ဆင်ပြီး သုံးသင်းပါ သုံးအုပ်စုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘောဒီးယား အမျိုးသားအိုလံပစ်ကော်မတီက ထိုင်းနိုင်ငံအတွင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ဆီးဂိမ်း ပြိုင်ပွဲတွင် အမျိုးသားဘောလုံးအသင်းအပြင် အခြားဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများကိုလည်း နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အစောပိုင်းက ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် သုံးသင်းပါ သုံးအုပ်စုနှင့် လေးသင်းပါတစ်အုပ်စု သတ်မှတ်ထားကာ ကမ္ဘောဒီးယားအသင်းက အုပ်စု(A)တွင် ထိုင်း၊ တီမောလက်စ်တေ အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေခဲ့ပါတယ်။ ထို့အတူ လေးသင်းပါအုပ်စုဖြစ်သည့် အုပ်စု(C)တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာ နဲ့ စင်ကာပူအသင်း တို့ ပါဝင်ခဲ့သော်လည်း ယခုအခါ စင်ကာပူအသင်းက ကမ္ဘောဒီးယားအသင်းအစား အုပ်စု(A)တွင် ပြောင်းလဲကစား သွားရမှာဖြစ်ပါတယ်။ ကမ္ဘောဒီးယားအသင်း နုတ်ထွက်ခဲ့တဲ့အတွက် ပြိုင်ပွဲဝင်အုပ်စုများကို ပြန်လည်ပြင်ဆင်ခဲ့ရာ အုပ်စု(A)တွင် အိမ်ရှင် ထိုင်း၊ စင်ကာပူ နဲ့ တီမောလက်စ်တေ၊ အုပ်စု(B)တွင် ဗီယက်နမ်၊ မလေးရှား နဲ့ လာအို၊ အုပ်စု(C)တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ မြန်မာ အသင်းတို့ပါဝင်နေကြောင်း သိရပါတယ်။(NVS 008)