အထွက်နှုန်းတိုးခြင်းနှင့် အရည်အသွေးကောင်းမွန်ရန် ပေါ်ဆန်းစပါးကို ညအချိန်အလင်းရောင်ပေးခြင်း နည်းပညာဖြင့် သုတေသနပြုလုပ်

30 Nov

‌နေပြည်တော်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေသနဌာနခွဲ၊ စပါးသုတေသနဗဟိုဌာန စိုက်ကွင်း၌ ရာသီပေါ်ဆန်းစပါးစိုက်ခင်း ခုရက်သားမှ ၂၅ ရက်သားအတွင်း ညအချိန်အလင်းရောင်ပေးခြင်း(Night-Break) နည်းပညာဖြင့် နောက်ကျစိုက်ပျိုးနိုင်ရန် စမ်းသပ်သုတေသနပြုလုပ်ဆောင်ရွက်နေကြောင်း သိရပါတယ်။ ၎င်းနည်းပညာအရ ည ၁၁ နာရီခွဲမှ နံနက် ၁၂ နာရီခွဲအထိ LED-100 watt အား အသုံးပြု၍ ညအချိန်အလင်းရောင်ပေးခြင်း(Night-Break)က ပေါ်ဆန်းစပါးကို ရာသီချိန်ကျော်၍ စိုက်ပျိုးနိုင်ခြင်း၊ အထွက်နှုန်း တိုးခြင်းနှင့် အရည်အသွေးကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများကို မျှော်မှန်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ သုတေသနစိုက်ကွင်းသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် က နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးပြီး ရာသီပေါ်ဆန်းစပါးကို ရေကျနောက်စိုက် စိုက်ပျိုးသည့်ဒေသများတွင် လွန်စွာအသုံးဝင်မည့် စမ်းသပ်ချက်ဖြစ်ကြောင်း၊ ယခုနည်းပညာကို ဆောင်းရာသီနေ့တာတိုကာလတွင် ပန်းပွင့်ခြင်းအား နှောင့်နှေးအောင်ပြုလုပ်နိုင်မည့်အတွက် ပေါ်ဆန်းစပါးကို သာမန်စိုက်ပျိုးချိန်ထက် နောက်ကျစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ စပါးပင်၏ ပင်ပိုင်းကြီးထွားမှုဘဝ(Vegetative Phase)ကို ပိုရှည်စေသည့်အတွက် ပင်ပိုင်းကြီးထွားမှု ပိုကောင်းလာပြီး သာမန်စိုက်ပျိုးချိန်ကဲ့သို့ပင် သီးပွင့်၍ အထွက်တိုးစိုက်စနစ် ကျင့်သုံးစိုက်ပျိုးနိုင်ခြင်းကြောင့် အထွက်နှုန်းမြင့်တက်လာမည်ဖြစ်ကာ ရနံ့အရည်အသွေး(2AP) ကိုလည်း ကောင်းစွာထိန်းသိမ်းနိုင်မည်ဖြစ်၍ သုတေသီများအနေဖြင့် အလေးထားစောင့်ကြည့်ဆောင်ရွက်ရန်နှင့် တွေ့ရှိချက်ခိုင်မာစေရန် အကြိမ်များများ စမ်းသပ်ရန် တိုက်တွန်းမှာကြားခဲ့ပါတယ်။(NVS 004)

30 Nov

ADVERTISE HERE .