ဘယ်လာရုစ်သမ္မတနိုင်ငံမြို့တော် Minsk မြို့အမည်ဖြင့် လမ်းအမည်သတ်မှတ်
29 Novပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့စေရန် ရည်ရွယ်၍ ဘယ်လာရုစ်သမ္မတနိုင်ငံမြို့တော် Minsk မြို့၏ အမည်အား နေပြည်တော်ရှိ ရာဇသင်္ဂဟလမ်းမကြီးနှင့် ဇမ္ဗူကျက်သရေလမ်းမကြီးကို ဆက်သွယ်ထားသော လမ်း၏အမည်အဖြစ် ဂုဏ်ပြု ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါလာသည့် အဖွဲ့ဝင်ဝန်ကြီးများနှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး က မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ၏မြို့တော်များသည် ၂၀၁၁ ခုနှစ်မှ ချစ်ကြည်ရင်းနှီးမှုစတင်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ကြောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး၏ ခရီးစဉ်တွင် ယခုကဲ့သို့ သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သည့်အတွက် နှစ်နိုင်ငံပြည်သူပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် အပြန်အလှန်နားလည်မှုများသည် နောင်နှစ်ပေါင်းများစွာတိုင် တည်တံ့ခိုင်မြဲသွားမည်ကို ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က လမ်းအမည် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး လမ်းအမည်ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ပြီး လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။ အဆိုပါ အမည်ပေးအပ်ခဲ့သည့် Minsk လမ်းသည် ရာဇသင်္ဂဟလမ်းမကြီးနှင့် ဇမ္ဗူကျက်သရေလမ်းမကြီးကို ဆက်သွယ်ထားသော လမ်းမကြီးဖြစ်ပြီး အရှည်ပေ ၇,၀၀၀ ကျော်ခန့်ရှိကာ ၎င်းလမ်း၌ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၊ သီရိမင်္ဂလာအဆင့်မြင့်ဈေးတို့ တည်ရှိကြောင်း သိရပါတယ်။(NVS 004)