မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမြဲတံခါးဖွင့်ထားပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ချိန်တွင် မည်သည့်ပြင်ပနှောင့်ယှက်စွက်ဖက်မှုများရှိနေပါစေ တစိုက်မတ်မတ်ဖြင့် ဆက်လက်ပူးပေါင်းသွားမည်
29 Nov
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်စန္ဒား လူကာရှန်ကို က မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမြဲတံခါးဖွင့်ထားပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ချိန်တွင် မည်သည့်ပြင်ပနှောင့်ယှက် စွက်ဖက်မှုများရှိနေပါစေ တစိုက်မတ်မတ်ဖြင့် ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် သမ္မတအိမ်တော်၊ သံတမန်ဆောင်ဧည့်ခန်းမဆောင်၌ ကျင်းပစဉ် ဘယ်လာရုစ်သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ရင်းနှီးစွာဖြင့် ဆွေးနွေးခဲ့ကြပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ(၂၀၂၆-၂၀၂၈)၊ နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်အပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာများ၊ အကောက်အခွန်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာများ၊ ပို့ကုန်ချေးငွေမူဘောင်သဘောတူညီချက်နှင့် နိုင်ငံတော်အဆင့် စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်း၊ တိကျစွာတိုင်းတာခြင်းနှင့် အသိအမှတ်ပြုခြင်းနယ်ပယ်တို့တွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများ၊ တရား မဝင်နှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန်အကူအညီပေးရေး သဘောတူ စာချုပ်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများအား နှစ်နိုင်ငံပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီးတို့က နိုင်ငံတော်ယာယီသမ္မတနှင့် ဘယ်လာရုစ်သမ္မတတို့ ရှေ့မှောက်တွင် လက်မှတ်များရေးထိုးကြပြီး စာချွန်လွှာများကို အပြန်အလှန်လဲလှယ်ခဲ့ကြပါတယ်။(NVS 004)