“အသင်းသမိုင်းတစ်လျှောက် ၇၂ နှစ်အတွင်း သုံးဂိုးနှင့်အထက် သုံးပွဲဆက်ရှုံးနိမ့်သည့် မှတ်တမ်းဆိုးရရှိခဲ့တဲ့ လီဗာပူးလ်အသင်း”
28 Nov
လီဗာပူးလ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ပီအက်စ်ဗွီအသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အသင်းသမိုင်းတစ်လျှောက် နှစ်ပေါင်း ၇၂ နှစ်အတွင်း သုံးဂိုးနှင့်အထက် သုံးပွဲဆက်ရှုံးနိမ့်သည့် မှတ်တမ်းဆိုးတစ်ရပ်ကို ရခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာသီ၌ နည်းပြ စလော့ လက်အောက်တွင် ရလဒ်များ စံချိန်တင်ဆိုးရွားနေပြီး ပီအက်စ်ဗွီ အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် လီဗာပူးလ်အသင်းဟာ မှတ်တမ်းဆိုးတစ်ရပ်ကို ရခဲ့ခြင်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ နောက်ဆုံးကစားခဲ့သည့် သုံးပွဲတွင် မန်စီးတီးအသင်းကို သုံးဂိုး၊ ဂိုးမရှိ၊ နောတင်ဟမ် အသင်းကို သုံးဂိုး၊ ဂိုးမရှိ နဲ့ ပီအက်စ်ဗွီအသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ၁၉၅၃ ခုနှစ်နောက်ပိုင်း သုံးဂိုးနှင့်အထက် သုံးပွဲဆက်ရှုံးနိမ့်ခဲ့သည့် မှတ်တမ်းဆိုးတစ်ရပ်ကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းက ၁၉၅၃ ခုနှစ်က ပြိုင်ပွဲစုံ ၁၂ ပွဲတွင် ကိုးပွဲအထိ ရှုံးနိမ့်ခဲ့ပြီး လက်ရှိဘောလုံးရာသီ တွင်လည်း နောက်ဆုံးကစားခဲ့သည့် ၁၂ ပွဲတွင် ကိုးပွဲအထိရှုံးနိမ့်ခဲ့လို့ ၁၉၅၃ ခုနှစ်က မှတ်တမ်းဆိုးတစ်ရပ်ကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS-008)