“ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမဲခွဲရန် မဲအိုးသတ်မှတ်ချက်များ ထုတ်ပြန်”
28 Nov
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို လာမည့်ဒီဇင်ဘာလ ၅ ရက်တွင် ကျင်းပမှာဖြစ်ပြီး အုပ်စုမဲခွဲရန် မဲအိုးသတ်မှတ်ချက်များကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ထုတ်ပြန်ခဲ့ကြောင်း B/R Football သတင်းဝက်ဘ်ဆိုက် က ဖော်ပြခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံ နဲ့ မက္ကဆီကိုနိုင်ငံ တို့က သုံးနိုင်ငံပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲကို ပုံစံသစ်အဖြစ် ပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးမြှင့်ကာ ၄၈ သင်းဖြင့် ကျင်းပသွားမှာဖြစ်ပါတယ်။ လက်ရှိတွင် ဝင်ခွင့်ရအသင်း ၄၂ သင်းထိ ထွက်ပေါ်ထားပြီး ကျန်ခြောက်နေရာအတွက် ဥရောပဇုန် Play-off အဆင့်မှ အသင်းလေးသင်း၊ အင်တာနေရှင်နယ်ဇုန် Play-off အဆင့်မှ တက်ရောက် လာမည့် အသင်း ၂ သင်းတို့ ပါဝင်ကြမှာဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲရန် မဲအိုးသတ်မှတ်ချက်အရ မဲအိုးနံပါတ် (၁) တွင် အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို၊ စပိန်၊ အာဂျင်တီးနား၊ ပြင်သစ်၊ အင်္ဂလန်၊ ဘရာဇီး၊ ပေါ်တူဂီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ နဲ့ ဂျာမနီအသင်းတို့ ပါဝင်ပြီး မဲအိုးနံပါတ် (၂) တွင် ခရိုအေးရှား၊ မော်ရိုကို၊ ကိုလံဘီယာ၊ ဥရုဂွေး၊ ဆွစ်ဇာလန်၊ ဂျပန်၊ ဆီနီ ဂေါ၊ အီရန်၊ တောင်ကိုရီးယား၊ အီကွေဒေါ၊ ဩစတြီးယား၊ ဩစတြေးလျအသင်းတို့ ပါဝင်ခဲ့ကြပါတယ်။ မဲအိုးနံပါတ် (၃) တွင် နော်ဝေ၊ ပနားမား၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ စကော့တလန်၊ ပါရာဂွေး၊ တူနီးရှား အိုင်ဗရီကို့စ်၊ ဥဇဘက်ကစ္စတန်၊ ကာတာ၊ ဆော်ဒီအာရေဗျ နဲ့ တောင်အာဖရိကအသင်းတို့ပါဝင်ပြီး မဲအိုးနံပါတ် (၄) တွင် ဂျော်ဒန်၊ ကိတ်ဗာဒီ၊ ဂါနာ၊ ကျူရာကာအို၊ ဟေတီ၊ နယူးဇီလန်အသင်းတို့နှင့် အတူ ဥရောပဇုန် Play-off အဆင့်မှ တက်ရောက်မည့် အသင်းလေးသင်း၊ အင်တာနေရှင်နယ်ဇုန် Play-off အဆင့်မှ တက်ရောက်မည့် အသင်းနှစ်သင်းတို့ ကျရောက်နေခဲ့ပါတယ်။ (NVS-008)