“ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင် ပွဲဦးထွက် သုံးပွဲဆက်ဂိုးသွင်းယူနိုင်သည့် တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အက်စတီဗာအို”

28 Nov

ချဲလ်ဆီးအသင်း လူငယ်တိုက်စစ်ကစားသမား အက်စတီဗာအို က ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပွဲဦးထွက် သုံးပွဲဆက်ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင် ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက အိမ်ကွင်းတွင် ဘာစီလိုနာအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရသည့်ပွဲစဉ်တွင် အက်စတီဗာအို က ပွဲချိန် ၅၅ မိနစ်တွင် အသင်းဖော် ရီစီဂျိမ်းစ် ရဲ့ ဖန်တီးပေးမှုမှတစ်ဆင့် အသင်းအတွက် သွင်းဂိုး တစ်ဂိုးသွင်းယူပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး အမ်ဘက်ပီ နဲ့ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်း တို့ရဲ့စံချိန်ကို လိုက်မိခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် အက်စတီဗာအို ဟာ ပြီးခဲ့တဲ့ရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ ဘရာဇီးလ် ကလပ် ပါမီးယက်စ်အသင်းမှ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းကို ပြသကာ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်လျက်ရှိနေပါတယ်။ အက်စတီဗာအို အနေနဲ့ ချဲလ်ဆီးအသင်းနှင့်အတူ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပွဲဦးထွက် သုံးပွဲဆက်အဖြစ် အေဂျက်၊ ကွာရာဘတ် နဲ့ ဘာစီလိုနာအသင်းတို့နဲ့ ပွဲစဉ်တွေမှာ သုံးပွဲဆက်ပါဝင်ကစားပြီး အဆိုပါသုံးပွဲလုံးတွင် တစ်ဂိုးစီ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ (NVS-008)

28 Nov

ADVERTISE HERE .