“ဝါရှင်တန်မြို့ အိမ်ဖြူတော်အနီး ပစ်ခတ်မှုဖြစ်ပွား၍ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့”

28 Nov

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ အိမ်ဖြူတော်အနီးတွင် နိုဝင်ဘာလ ၂၆ ရက်က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း RT သတင်းဌာနတွင် ဖော်ပြ ထားသည်။ အဆိုပါဖြစ်စဉ်အတွင်း ပစ်ခတ်မှုကျူးလွန်သူအမျိုးသားကို အခြားအမျိုးသားအစောင့်တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောကြားသည်။ နိုဝင်ဘာလ ၂၆ ရက် တိုက်ခိုက်မှုကို ပစ်မှတ်ထား၍ အလစ်အငိုက်တိုက်ခိုက်မှုအဖြစ် တာဝန်ရှိသူများက သတ်မှတ်ထားပြီး ပစ်ခတ်မှု ကျူးလွန်သူ၏နောက်ခံရည်ရွယ်ချက်ကိုလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ ပစ်ခတ်မှုကျူးလွန်ခဲ့သူမှာ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသို့ ရောက်ရှိလာသော ရာမာနူလာ လာကန်ဝဲလ် အမည်ရှိအာဖဂန်နစ္စတန်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၆ ရက် ပစ်ခတ်မှုကို မကောင်းဆိုးရွားလုပ်ရပ်၊ အမုန်းတရားကို ကိုယ်စားပြုသည့် အကြမ်းဖက်လုပ်ရပ်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဝေဖန်ရှုတ်ချထားသည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော အာဖဂန်နစ္စတန်နိုင်ငံသားများ၏လူဝင်မှုလျှောက်ထားခြင်းဆိုင်ရာ စာရွက်စာတမ်းများ စိစစ်မှု လုပ်ငန်းစဉ်ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက ကာလအကန့်အသတ်မရှိရပ်ဆိုင်းထားလိုက်ပြီ ဖြစ် ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

28 Nov

ADVERTISE HERE .