“တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ တင်းမာမှုပိုဆိုးလာမည့်အရေးရှောင်ရှားရန် ဂျပန်ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ တိုက်တွန်း”
28 Nov
တရုတ်နိုင်ငံနှင့်သံတမန်ရေးအရ အငြင်းပွားမှုများ ပိုမိုဆိုးလာမည့်အရေးကို ရှောင်ရှားရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်ဝန်ကြီးချုပ် ဆာနာအိတာကာအီချီကို တိုက်တွန်းထားကြောင်း ဂျပန်အစိုးရ သတင်းအရင်းအမြစ်များက နိုဝင်ဘာလ ၂၇ ရက်တွင် ထုတ်ဖော်ပြောကြားထားကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာမှု ပိုမို ဆိုးလာစေမည့် အခြေအနေများကို မိမိမမြင်တွေ့လိုကြောင်း နိုဝင်ဘာလ ၂၅ ရက် ဖုန်းခေါ်ဆိုဆွေးနွေးမှု တွင် ဂျပန်ဝန်ကြီးချုပ်ကို တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့်ဖြစ်ပွားနေသော ကုန်သွယ်ရေးပဋိပက္ခ ရပ်တန့်ထားရေးသဘောတူညီချက်ကို ဆက်လက် ထိန်းထားနိုင်ရန် ရည်ရွယ်ချက်ဖြင့် သမ္မတဒေါ်နယ်ထရမ့်က ဂျပန်ဝန်ကြီးချုပ်ကို တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ် သည်။ တရုတ်နိုင်ငံအနေဖြင့် တရုတ် (တိုင်ပေ)ကို စစ်ရေးအရ တိုက်ခိုက်ခဲ့ပါက ဂျပန်နိုင်ငံ၏ စစ်ရေးတုံ့ပြန်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်က နိုဝင်ဘာလ ၇ ရက်တွင် ပြောကြားခဲ့ရာ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား သံတမန်ဆက်ဆံရေး တင်းမာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ လာမည့်နှစ်ဧပြီလတွင် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ရန်စီစဉ်ထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။